ပရီးမီးယားလိဂ် ဂန္တဝင် တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ အလန်ရှီးယား ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပုံစံကောင်း တွေကို ပြသ နေခဲ့တဲ့ အသက် 34 နှစ် အရွယ် တိုက်စစ်မှူး အီဒင်ဆန် ကာဗာနီရဲ့ အရည်အသွေးတွေကို နှစ်ခြိုက် သဘောကျ နေခဲ့ ပါတယ် ။
ယူနိုက်တက်တို့ လက်စတာ စီးတီး အသင်းကို 2 – 2 ဆိုတဲ့ ရလဒ် နဲ့ သရေကျ ခဲ့တဲ့ ဘောက်ဆင်ဒေး ပွဲစဉ် အတွင်း ကာဗာနီဟာ ပွဲချိန် 75 မိနစ်မှာ လူစားဝင် ကစားခွင့် ရရှိ ခဲ့ပြီး 4 မိနစ် အကြာမှာပဲ အသင်းဖော် ဘရူနို ဖာနန်ဒက်စ် အတွက် ဂိုး ဖန်တီး ပေးသွား နိုင်ခဲ့ ပါတယ် ။
ဒါပေမယ့် ဂျေမီ ဗာဒီ က လက်စတာ အတွက် ခြေပဂိုး ပြန်လည် ရရှိအောင် ကြိုးစား အားထုတ် နိုင်ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ဟာ အဝေးကွင်းမှာ ပထမဆုံး အကြိမ် အဖြစ် အမှတ်လျော့ သွားခဲ့ရ ပါတယ် ။ ဒါ့အပြင် လက်စတာ တို့လည်း ဒီရာသီ ပထမဆုံး အကြိမ် သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ ပထမဆုံး ပွဲစဉ် ပိုင်ဆိုင် သွားခဲ့ကြ ပါတယ် ။
ဒါပေမယ့် ကာဗာနီ ရဲ့ ကောင်းမွန်တဲ့ လှုပ်ရှားမှု ၊ အထာကျတဲ့ ဘောလုံး ပေးပို့မှု ပုံစံတွေ ကတော့ အဆိုပါ ပွဲစဉ် အပြီးမှာ သတင်း သုံးသပ်သူတွေ အတွက် ပြောစရာ ဖြစ်သွား ခဲ့ရ ပါတယ် ။ ဒါ့အပြင် ဗာဒီ ကလည်း ဂိုးရရှိရေး အတွက် ကာဗာနီ နည်းတူ ဘောလုံး လက်ခံယူမှု ၊ လှုပ်ရှားမှု အရမ်းကို မြန်ဆန် ကောင်းမွန်ခဲ့တဲ့ အတွက် အလန်ရှီးယား က သူတို့ နှစ်ဦးကို ချီးကျူး သွားခဲ့လိုက် ပါတယ် ။
” လှုပ်ရှားမှု ၊ ဘောလုံး ထိချက် ၊ နည်းစနစ် ကြွယ်ဝမှု ၊ အသင်းဖော် တွေကို ပွဲစဉ် အတွင်း ပါဝင် ပတ်သက်အောင် ဆွဲခေါ် နိုင်မှု အကြောင်း တွေကို ပြောမယ်ဆိုရင် ဗာဒီ နဲ့ ကာဗာနီ တို့က ဥပမာ ပေးလို့ အကောင်းဆုံး ကစားသမားတွေ ပါပဲ ။ သူတို့ တွေက ပွဲစဉ်အပေါ် သက်ရောက်မှု ကြီးမားကြတဲ့ စပါယ်ရှယ် တိုက်စစ်မှူးတွေ ပါပဲ ”
” ကာဗာနီဟာ ဘောလုံးကို လက်ခံ ရယူခဲ့ပြီး ခန္ဓာကိုယ် ပြန်လှည့်ပုံ အရမ်းကို ကောင်းမွန်ခဲ့ ပါတယ် ။ တိုက်စစ်မှူးတွေ ဖက်က ဂိုးပေါက်ကို ကျောပေးပြီး ဘောလုံး လက်ခံရယူရင်း အခုလို လုပ်ဆောင်ချက် တွေကို ကွင်းထဲ လုပ်ပြကြတာမျိုး ကျွန်တော် အကြိမ်ပေါင်း များစွာ မြင်တွေ့ခဲ့ဖူး ပါတယ် ”
” ကာဗာနီ ကတော့ သူ့ရဲ့ အနေအထားတွေကို အမြန်ဆုံး နားလည် သဘောပေါက် နိုင်ခဲ့ပြီး ဘောလုံးကို ဘရူနိုဆီ ရုတ်ချည်း ဝါးလုံးထိုး ပေးပို့ သွားနိုင်ခဲ့ ပါတယ် ။ ဒါက တစ်ကယ့်ကို ထူးကဲ ခဲ့ပြီး နည်းစနစ် ကျေညပ်တယ် ဆိုတာ ပြသခြင်း ဖြစ်သွားခဲ့ရ ပါတယ် ။ သူ ( ကာဗာနီ ) နဲ့ ဗာဒီ တို့က အရမ်း ကောင်းလွန်းတဲ့ တိုက်စစ်မှူး နှစ်ယောက် ပါပဲ ” လို့ အလန်ရှီးယား က ထုတ်ဖော် ချီးကျူး သွားခဲ့လိုက် ပါတယ် ။
အီဒင်ဆန် ကာဗာနီ ဆိုတာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက အသင်း လက်မဲ့ ဖြစ်နေ ခဲ့တဲ့ အချိန် မန်ချက်စတာ ယူနိုက်တက် အသင်းက သူ့ကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ အရ ခေါ်ယူခဲ့ပြီး တစ်ပါတ် ပေါင် 200,000 အထိ ပေးချေဖို့ သဘော တူညီခဲ့ ပါတယ် ။
အဆိုပါ အချိန် တုန်းကတော့ အသက် 33 နှစ် ရှိနေပြီ ဖြစ်တဲ့ တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူမှု ၊ ဒီလောက်အထိ မြင့်မားတဲ့ လစာငွေ ပေးချေမှု အပေါ် ဝေဖန်သူ များခဲ့ပြီး ဥရုဂွေး လက်ရွေးစင်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အစွမ်းပြ နိုင်ပါ့ မလား ဆိုတာ မေးခွန်း ထုတ်သူ များပြား ခဲ့ကြ ပါတယ် ။
အခုတော့ ကာဗာနီဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပြိုင်ပွဲစုံ 13 ပွဲ ကစား ပေးထား ခဲ့ပြီး 4 ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့ကာ ဂိုး ဖန်တီးမှု 2 ကြိမ် လုပ်ဆောင် ပေးထား နိုင်ခဲ့ ပါပြီ ။ အဆိုပါ ပွဲစဉ် အားလုံး နီးပါးမှာ ကာဗာနီဟာ လူစားဝင် ကစားသမား အဖြစ် ကစားပေးတာ များခဲ့ ပါတယ် ။ အခုတော့ ပုံမှန် ပွဲထွက်ခွင့် ရမယ် ဆိုရင် သူဟာ ဘယ်လောက်အထိ တောက်ပ နိုင်မလဲ ဆိုတာ စိတ်ဝင်စား စရာ ဖြစ်လာခဲ့ ပါပြီ ။