အာဆင်နယ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်း၏အိုင်ဗရီကို့စ်တောင်ပံကစားသမား ပေပေအား ရောင်းချရန် စီစဉ်နေကြောင်း Football.London ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
ပေပေအား အာဆင်နယ်အသင်းက ၂၀၂၄ ခုနှစ်နွေရာသီအထိ သက်တမ်းရှိသောစာချုပ်ဖြင့် ခေါ်ယူထားခြင်းဖြစ်ပြီး သူ့အတွက်ပြောင်းရွှေ့ကြေးမှာလည်း ကလပ်စံချိန်တင်ကြေးဖြစ်သည့် ပေါင် (၇၂)သန်းခန့် ကုန်ကျခဲ့သည်။
အာဆင်နယ်အသင်းသည် ယခု ၎င်းအတွက် ပေါင် (၂၅)သန်းရလျှင်ပင် ရောင်းချရန်စီစဉ်ထားကြောင်း သိရသည်။
သို့သော် ယင်းကဲ့သို့ မူလတန်ကြေးထက် များစွာစျေးလျှော့ရောင်းချရန် စီစဉ်နေသော်လည်း ၎င်းအားဝယ်ယူရန် စိတ်ဝင်စားသည့်အသင်းနည်းပါးနေ၍ အာဆင်နယ်အသင်းအနေဖြင့် ၎င်းအားရောင်းချရန် ခက်ခဲနိုင်ဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
အာဆင်နယ်အသင်းသည် ၂၀၁၉ ခုနှစ်က ပေပေအား လိုင်လီအသင်းထံမှ ယူရို (၇၉)သန်း (ပေါင် ၇၂ သန်း)ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၎င်း၏ပြောင်းရွှေ့ကြေးမှာ ယခင်စံချိန်တင်ထားသော ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်း(ယူရို ၆၂သန်း)ထက် ပိုမိုများပြားခဲ့သည်။
သို့သော် ပေပေအနေဖြင့် အာဆင်နယ်အသင်းတွင် ပုံမှန်ခြေစွမ်းမပြနိုင်ဘဲ ပရိသတ်များမျှော်မှန်းထားသည့် အနေအထားမျိုး မရှိခဲ့ရာ ယခုအခါ အာဆင်နယ်နည်းပြ အာတီတာသည် ၎င်းအားရောင်းချရန် စီစဉ်နေပြီဖြစ်ကြောင်း သိရှိရသည်။
အာဆင်နယ်အသင်းတွင် လူငယ်ကြယ်ပွင့်ကစားသမားဖြစ်သည့် ဆာကာနှင့် စမစ်ရိုးတို့က ခြေစွမ်းပြနေခြင်းကြောင့် ပုံမှန်ခြေစွမ်းမရှိသည့် ပေပေအနေဖြင့် အသင်းမှ ထွက်ခွာရရန်ဖြစ်လာကြောင်း Daily Mail သတင်းစာ က ဖော်ပြခဲ့သည်။
ပေပေသည် (၃)ရာသီအတွင်း အာဆင်နယ်အသင်း၌ ပြိုင်ပွဲစုံပွဲပေါင်း (၉၈)ပွဲကစားခဲ့ပြီး (၂၅)ဂိုး သွင်းယူနိုင်ခဲ့ကာ အသင်းဖော်များ ဂိုးသွင်းနိုင်ရန်မူ (၁၅)ဂိုးသာ ဖန်တီးပေးနိုင်ခဲ့သည်။
အာဆင်နယ်အသင်းတာဝန်ရှိသူများသည် ပေပေအားရောင်းချပြီးနောက် စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းမှ ဆွီဒင်လူငယ်တောင်ပံကစားသမား ကူလူဆက်ဗ်စကီး(၂၁ နှစ်)အားခေါ်ယူသွားရန် ပစ်မှတ်ထားနေကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော် ပြခဲ့ကြသည်။
ကူလူဆက်ဗ်စကီးသည် ဆွီဒင်လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ(၁၈)ပွဲအထိ ကစားခွင့်ရရှိထားသူဖြစ်သည်။