ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်ကစားသမား သောမတ်စ်မူလာက ကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုရယူနိုင်ရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ၂၀၁၉- ၂၀၂၀ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲထားသဖြင့် ဥရောပချန်ပီယံကိုယ်စားပြုအဖြစ် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရထားခြင်းဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ဆီမီးဖိုင်နယ်အဆင့်မှသာ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာစံတော်ချိန် အင်္ဂါနေ့ နံနက် ဝဝး၃၀ နာရီတွင် အီဂျစ်ကလပ် အယ်လ်အာလီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သောကြာနေ့က ဟာသာဘာလင်အသင်းအား အဝေးကွင်း၌ အနိုင်ရသည့်ပွဲအပြီးတွင် မူလာက “ဒီနေ့ပွဲမှာ ကျွန်တော်တို့ အခုထက်ပိုပြီး ဂိုးပိုရသင့်တယ်။ အခုဆိုရင် ကျွန်တော်တို့အသင်းက ပွဲတချို့လောက် ဆက်တိုက်အနိုင်ရထားပါပြီ။ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ဖို့လည်း မျှော်မှန်းထားပါတယ်” ဟု ပြောကြားခဲ့သည်။
၂၀၂၀ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပလျက်ရှိပြီး COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဒီဇင်ဘာလအစား ဖေဖော်ဝါရီသို့ ပြောင်းလဲ ကျင်းပခဲ့ရခြင်းဖြစ်သည်။ ပြိုင်ပွဲကို အိမ်ရှင် ကာတာလိဂ်ချန်ပီယံအသင်းအပါအဝင် တိုက်ကြီးခြောက်ခုမှ ချန်ပီယံအသင်းများဖြင့် ခုနစ်သင်းပြိုင်ပွဲအဖြစ် ကျင်းပရန် စီစဉ်ထားသော်လည်း သမုဒ္ဒရာပိုင်းဇုန်ချန်ပီယံ အော့ကလန်စီးတီးအသင်း နုတ်ထွက်သွားသဖြင့် ခြောက်သင်းဖြင့်သာ ဆက်လက်ကျင်းပခဲ့ရသည်။