အင်္ဂလန်လက်ရွေးစင်အသင်းဟာ နည်းပြသစ်သောမတ်စ်တူချယ်လက်အောက် ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုကို သိမ်းပိုက်နိုင်ဖို့ ကောင်းမွန်တဲ့အခြေအနေတစ်ရပ်မှာ ရှိနေတယ်လို့ လီကာစလေက ပြောပါတယ်။
ဂျာမန်လူမျိုးနည်းပြတူချယ်က အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)နဲ့ ၁၈ လသက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီးနောက် လာမယ့်ဇန်နဝါရီ ၁ ရက်မှာ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြတာဝန်ကို စတင်ထမ်းဆောင်ပါလိမ့်မယ်။
အသက်-၅၁ နှစ်အရွယ်နည်းပြအနေဖြင့် အင်္ဂလန်တွေရဲ့ အဓိကဆုဖလားငတ်မွတ်နေမှုကို အဆုံးသတ်ပေးနိုင်မလားဆိုတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရဖို့ရှိနေပြီး အသင်းမှထွက်ခွာတော့မယ့် ယာယီနည်းပြ လီကာစလေကတော့ လက်ရှိအသင်းလူစာရင်းဟာ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ကျင်းပတော့မယ့် ပြိုင်ပွဲကြီးအတွင်း အောင်မြင်မှုရယူနိုင်ဖို့ လုံလောက်နေပြီလို့ ယုံကြည်နေပါတယ်။
လီကာစလေက “ဒီအောင်ပွဲကြီးကိုရယူဖို့ ကောင်းမွန်တဲ့အခြေအနေတစ်ရပ်အောက် ကျွန်တော်တို့ရှိနေပြီလို့ ထင်ပါတယ်။ ဒီအောင်ပွဲကြီးကိုရယူနိုင်မယ့် အရည်အချင်းတွေလည်း ကျွန်တော်တို့မှာရှိတယ်လို့ ထင်ပါတယ်။
ကျွန်တော်တို့မှာ လက်နက်ကိရိယာတွေ အကုန်ရှိပါတယ်။ ဒီအရာတွေကို အစီအစဉ်အတိုင်း စနစ်တကျကစားသွားစေရေးပဲ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
ဆောက်ဂိတ်ရဲ့နေရာ အစားထိုးတာဝန်ယူပြီးနောက် လီကာစလေက သူ့ရဲ့လက်ထက်မှာ အင်္ဂလန်လက်ရွေးစင်အသင်းကို ခြောက်ပွဲကစား၊ ငါးပွဲအနိုင်ရရှိအောင် လမ်းညွှန်ပေးရင်း နေးရှင်းလိဂ် A ဆီ တန်းတက်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒီကာလတိုလေးအတွင်းမှာပဲ လီကာစလေက လီဗာပူးကွင်းလယ်လူကာတစ်ဂျုံးစ်၊ ဆောက်သမ်တန်ဗဟိုခံစစ်မှူးတေလာဟားဝုဒ်ဘဲလ်လစ်တို့လို မျက်နှာသစ်ကစားသမားရှစ်ဦးကို စီနီယာလက်ရွေးစင်အဆင့်မှာ စင်တင်ပွဲထုတ်ပေးခဲ့ပါတယ်။
အသက်-၅၀ နှစ်အရွယ်နည်းပြရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတာဝန်ယူမှုက ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဝင်ဘလေကွင်းမှာ အိုင်ယာလန်ကို ၅-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် အဆုံးသတ်သွားခဲ့ပါပြီ။
အင်္ဂလန်ယူ-၂၁အသင်းနည်းပြအဖြစ် မူလတာဝန်ဆီ ပြန်သွားတော့မယ့် လီကာစလေက “အသင်းကို ကောင်းမွန်တဲ့အနေအထားတစ်ရပ်မှာ ထားရှိကာ ကျွန်တော်တို့ထွက်ခွာသွားပြီဖြစ်လို့ တူချယ်အတွက်လည်း ရွေးချယ်စရာ ကစားသမားတွေ များပြားလာခဲ့ပါပြီ။
ကျွန်တော်ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ကမ္ဘာ့ဖလားနှစ်ကြိမ်မှာ အတွေ့အကြုံတွေရရှိခဲ့တဲ့အသင်းကို ဆက်ခံခွင့်ရရှိခဲ့လို့ ကံကောင်းခဲ့ပါတယ်။ ကစားသမားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအရမှာရော၊ စိတ်ပိုင်းဆိုင်ရာအရမှာပါ အချိန်ကိုက်ဖြစ်နေလို့ မှန်ကန်တဲ့လူစာရင်းတစ်ခုကို တည်ဆောက်နိုင်ခဲ့တာပါ” လို့ ပြောပါတယ်။
ဒါ့အပြင် အင်္ဂလန်လက်ရွေးစင်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ်ကလည်း အသင်းမှာ ခွန်အားသစ်တွေရှိနေပြီလို့ လီကာစလေရဲ့အဆိုကို သဘောတူလိုက်ပြီး ပွဲထွက်ခွင့်တိုက်ပွဲဝင်မှုတွေ အများကြီးရှိလာလိမ့်မယ်လို့ ဝန်ခံလိုက်ပါတယ်။
အဲဗာတန်ဂိုးသမားက “ဒါပေမယ့် အခုကိစ္စက အကြောင်းချင်းရာသက်သက်ပဲရှိနေပါသေးတယ်။ မှန်ကန်တဲ့အခိုက်အတန့်မှာ အင်္ဂလန်အသင်းအတွက် အကောင်းဆုံးကစားသမားတွေကို လိုချင်ပါတယ်။ လာမယ့်နှစ်ပြိုင်ပွဲကို အနိုင်ယူသွားဖို့ အသင်းလူစာရင်းတစ်ခု အဆင်သင့်ရှိနေလိမ့်မယ်လို့ပဲ မျှော်လင့်ထားပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။