PSG အသင်းသည် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၉၈) သန်းဖြင့် ခေါ်ယူထားသည့် ဘရာဇီးလ်တိုက်စစ်မှူး နေမာကို လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ပေါင် (၇၆) သန်းဖြင့် ရောင်းထုတ်ရန် စီစဉ်နေကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။
PSG အသင်းသည် ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး နေမာ (၃၀ နှစ်)ကို ၂၀၁၇ နွေရာသီအပြောင်းအရွှေ့ကာလတွင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၉၈) သန်း (ယူရို ၂၂၂ သန်း) ဖြင့် ခေါ်ယူခဲ့သည်။
နေမာသည် PSG အသင်းတွင် (၅) ရာသီအတွင်း ပြိုင်ပွဲစုံ (၁၄၁) ပွဲတွင် (၉၈) ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ဒဏ်ရာပြဿနာများနှင့် မကြာခဏကြုံတွေ့ရလေ့ရှိသလို၊ အသင်း၏ ရည်မှန်းချက်ဖြစ်သည့် ချန်ပီယံလိဂ်ဖလားကိုလည်း ရယူပေးနိုင်ခြင်း မရှိပေ။
နေမာသည် PSG အသင်းကို ၂၀၁၉-၂၀ ရာသီတွင် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲအထိ စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း PSG အသင်းသည် ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရသည်။
ယခုရာသီတွင် PSG အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်တွင် ရီးယဲလ်အသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
ထို့ကြောင့် PSG အသင်းပရိသတ်များသည် အသင်း၏ နာမည်ကျော်ကစားသမားများကို ဒေါသပေါက်ကွဲခဲ့ကြပြီး နေမာ၊ မက်ဆီနှင့် ရာမို့စ်တို့မှာ အသင်းပရိသတ်များ၏ လှောင်ပြောင်မှုကိုပင် ခံခဲ့ရသည်။
PSG အသင်းသည် လာမည့်ရာသီတွင် အသင်းကို အပြောင်းအလဲပြုလုပ်ရန် စီစဉ်နေပြီး လာမည့်နွေရာသီတွင် အသင်းတိုက်စစ်မှူး နေမာကို ပေါင် (၇၆)သန်းဖြင့် ရောင်းထုတ်ရန် စီစဉ်နေကြောင်း Sky Sports က ဖော်ပြခဲ့သည်။
PSG အသင်းအနေဖြင့် နေမာကို ပေါင် (၇၆)သန်းဖြင့် ရောင်းမည်ဆိုပါက ပေါင် (၁၂၂) သန်းအရှုံးပေါ်မည်ဖြစ်သည်။
သို့သော် Sky Sports ၏ ဖော်ပြချက်အရ PSG အသင်းသည် တစ်နှစ်လစာ ပေါင် (၄၁)သန်းအထိ ပေးချေနေရသည့်အတွက် လစာငွေကို လျှော့ချရန်အတွက်ပါ နေမာကို ရောင်းထုတ်လိုနေခြင်းဖြစ်ကြောင်း သိရသည်။