ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ဟာက အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဒန်နီအိုလ်မိုနဲ့ ပေါဗစ်တာတို့အား ကစားသမားမှတ်ပုံတင်ပြုလုပ်ခြင်းနဲ့ပတ်သက်ပြီး ပြဿနာတွေဖြစ်ပွားနေတဲ့ကိစ္စရပ်ဟာ အနာဂတ်မှာ ကစားသမားသစ်ခေါ်ယူရေးအတွက် အကျိုးသက်ရောက်မှုတွေရှိလာနိုင်ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ဘာစီလိုနာဟာ အိုလ်မိုနဲ့ ဗစ်တာတို့ကို ဒုတိယရာသီဝက်အတွက် ကစားသမားမှတ်ပုံတင်စာရင်းသွင်းရာမှာ ဘဏ္ဍာရေးပြဿနာတွေကြောင့် စာရင်းသွင်းနိုင်ခြင်းမရှိဘဲ တောင်းဆိုမှုတွေကိုပယ်ချခံခဲ့ရပါတယ်။ ဒါကြောင့် ရာဖင်ဟာက ဈေးကွက်ထဲက ကစားသမားတွေအနေနဲ့ အခုလိုပြဿနာတွေကြောင့် ဘာစီလိုနာကိုရွေးချယ်ဖို့ တွန့်ဆုတ်နိုင်တယ်လို့ ဆိုပါတယ်။
အသင်းခေါင်းဆောင်က “ဒီပြဿနာတွေက အနာဂတ်အပြောင်းအရွှေ့ကိစ္စတွေအပေါ်မှာ သက်ရောက်မှုရှိလာနိုင်ပါတယ်။ ဒါကိုကျွန်တော်တို့ လက်ခံရမှာပါပဲ။ တကယ်လို့ ကျွန်တော်က အခြားကလပ်တစ်ခုမှာရှိနေတုန်း ဘာစီလိုနာမှာ ဒီလိုပြဿနာတွေဖြစ်နေတာတွေ့ရင် ဒီကိုလာဖို့ တွန့်ဆုတ်မိမှာအမှန်ပါပဲ။ ကျွန်တော် ဘာစီလိုနာနဲ့စပြီး ချိတ်ဆက်တုန်းက ဒီအသင်းရဲ့အခြေအနေတွေကို သိထားခဲ့ပါတယ်။ ဒီအသင်းအင်္ကျီကိုဝတ်ပြီး နောက်ဆုံးအချိန်အထိပေးဆပ်ဖို့
အသင့်ပါ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်တွေအတွက် နောင်တမရပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာဟာ လွန်ခဲ့တဲ့ ၆ လအကြာက အိုလ်မိုကို လိုက်ပ်ဇစ်မှ ပေါင်သန်း ၅၀ နဲ့ခေါ်ယူထားခဲ့ပေမယ့် ယခုအခါမှာတော့ ကစားသမားကိုမှတ်ပုံတင်နိုင်ခြင်းမရှိသေးတာကြောင့် ဒုတိယရာသီဝက်မှာ အသုံးပြုခွင့်မရတော့မယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ရာဖင်ဟာအနေနဲ့လည်း အခုလိုအခြေအနေကို စိတ်ပျက်နေပုံရပြီး အသင်းက အရှုပ်ထုတ်ထဲရောက်နေတယ်လို့ ဝန်ခံပြောကြားထားပါတယ်။
လက်ရှိအချိန်မှာလည်း ဘာစီလိုနာဟာ အိုလ်မိုနဲ့ဗစ်တာတို့ကို မှတ်ပုံတင်စာရင်းသွင်းနိုင်ဖို့ ဆက်လက်ကြိုးစားနေဆဲဖြစ်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ထံ နောက်ဆုံးတင်သွင်းချက်ကိုပြုလုပ်ဖို့ ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။