မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ယခု ရာသီအတွက် ပထမဆုံး အိမ်ကွင်းနိုင်ပွဲရရှိရာတွင် VAR ဆုံးဖြတ်ချက်ကြောင့် ကံကောင်းခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
မန်ယူအသင်းသည် မနေ့က ညပိုင်းတွင် တန်းဆင်းဇုန်အတွင်းမှ တန်းတက်ဝက်စ်ဘရွန်းအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပယ်နယ်တီမှတစ်ဆင့် ဘရူနိုဖာနန်ဒက်စ်သွင်းယူသည့် တစ်ဂိုးတည်းဖြင့် အနိုင်ရပြီး ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပထမဆုံး အိမ်ကွင်း နိုင်ပွဲရရှိခဲ့သည်။
မန်ယူအသင်း ပယ်နယ်တီမရမီ ဂိုးမရှိသရေဖြစ်နေစဉ် ဝက်စ်ဘရွန်းကွင်းလယ်လူ ဂယ်လက်ဂါကို ဘရူနိုဖာနန်ဒက်စ် တားဆီးသဖြင့် ကွင်းလယ်ဒိုင် ဒေးဗစ်ကူတီက ပယ်နယ်တီသတ်မှတ်ပေးခဲ့သည်။ သို့သော် ကူတီသည် VAR ၏ အကြံပေးမှုအရ ကွင်းနံဘေးရှိ မော်နီတာကို သွားရောက် ကြည့်ရှုပြီးနောက် ပယ်နယ်တီကို ပြန်လည် ပယ်ဖျက်ခဲ့သည်။
ထို့ပြင် ဘရူနိုဖာနန်ဒက်စ်၏ ပထမအကြိမ် ပယ်နယ်တီကန်သွင်းမှုကို ဂျွန်စတုန်း ကာကွယ်နိုင်သော်လည်း စည်းကျော်နေသည်ဟု VAR က အကြောင်းကြားသဖြင့် ပြန်လည်ကန်သွင်းစေရာ အနိုင်ဂိုးရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဆိုးလ်ရှားက “ကျွန်တော်တို့ နည်းနည်းကံကောင်းခဲ့တာ ဖြစ်မယ်။ ဒါပေမဲ့ စည်းမျဉ်းဆိုတာ ဘယ်သူ့အတွက်မှ ကွဲပြားခြားနားမှုမရှိပါဘူး။ နေ့လယ်တုန်းက ဗီလာ-ဘရိုက်တန်ပွဲရဲ့ ပယ်နယ်တီကိုလည်း ကြည့်လိုက်ရပါတယ်။ အဲဒါကလည်း ပယ်နယ်တီပေးရမယ်လို့ တွေးမိပါတယ်” ဟု ပြောကြားသည်။