မန်ယူအသင်းအား (၀-၁)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့် FAဖလား တတိယအဆင့်ပွဲစဉ် တွင် VAR ဆုံးဖြတ်ချက်အပေါ် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရမှုအတွက် အက်စတွန်ဗီလာအသင်းနည်းပြ ဂျရတ်က ပွဲအပြီးတွင် ဝေဖန်ပြစ်တင်ခဲ့သည်။
” ဖြစ်ရပ်တွေအတွက် သူတို့ အချိန် ဘယ်လောက်ယူနေမှာလဲ။ ဒိုင်တွေက ဖြစ်ရပ်တစ်ခုအတွက် သုံးမိနစ်ခွဲလောက် အချိန်ယူနေပါတယ်။ ပုံစံနှစ်မျိုး၊ သုံးမျိုးလောက်နဲ့ ပြန်ကြည့်နေပါတယ်။ VAR ရှိနေချိန်မှာ သူတို့ဆုံးဖြတ်ချက်ကို လက်ခံရမှာပေါ့။ ကျွန်တော်တို့ ပြောင်းလဲလို့မရပါဘူး။ ကံတရားနဲ့ ဒိုင်တွေကို ပြစ်တင်ရတာ လွယ်ကူပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီလိုလုပ်သွားမှာမဟုတ်ဘူး” ဟု ဂျရတ်က မှတ်ချက်ပြုခဲ့သည်။
ယင်းပွဲစဉ်တွင် ဂျရတ်၏ဗီလာအသင်းသည် ဂိုးနှစ်ဂိုး သွင်းယူခဲ့သော်လည်း ပယ်ဖျက်ခံခဲ့ရခြင်းဖြစ်သည်။ ဗီလာတိုက်စစ်မှူး ဒန်နီအင့်စ်သွင်းယူသည့်ဂိုးကို VAR ဒိုင်လူကြီးများအဖွဲ့က ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာကို ကွင်းထဲမှ မော်နီတာဖြင့် ပြန်လည်ကြည့်ရှုပြီး ဆုံးဖြတ်ရန် ညွှန်ကြားခဲ့သည်။
ဒန်နီအင့်စ် ဂိုးမသွင်းမီ ကစားကွက်တည်ဆောက်မှုတွင် မန်ယူတိုက်စစ်မှူး ကာဗာနီကို ဗီလာကွင်းလယ်လူ ဂျာကော့ဘ်ရမ်ဆေးက ပြစ်ဒဏ်ကျူးလွန်သည်ဟု ယူဆပြီး ဒိုင်လူကြီး အိုလီဗာမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ ဗီလာအသင်းမှ အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သူ ဝက်ကင်စ်လည်း တစ်ဂိုးသွင်းယူခဲ့သော်လည်း လူကျွံနေသောကြောင့် ဂိုးအဖြစ် သတ်မှတ်မခံခဲ့ရကြောင်း သိရသည်။