ဂရို့စ်ရဲ့ နောက်ကျ ပင်နယ်တီ သွင်းဂိုးဟာ Amax ကွင်းမှာ လီဗာပူးတို့ ရမှတ် ၃ မှတ်ပြည့် ရယူ နိုင်မယ့် အခွင့်အရေးကို ပျက်စီး သွားစေခဲ့ပါတယ်။ ဘရိုက်တန်ဟာ ပွဲချိန် မိနစ် ၂၀ မှာ ကွန်နိုလီကို နီကိုဝီလီယံ ပြစ်ဒဏ် ကျူးလွန်ခဲ့မှု ကနေ တဆင့် ဦးဆောင်နိုင်မယ့် အခွင့်အရေး ရရှိ ခဲ့ပေမယ့်လည်း မူပေးရဲ့ ကန်ချက် ဘေးထွက် သွားခဲ့တာကြောင့် နစ်နာ ခဲ့ရပါတယ်။ ဒုတိယပိုင်း မှာတော့ လီဗာပူးရဲ့ ကစားပုံ ကောင်းလာခဲ့ပြီး ဂျိုတာက လီဗာပူး အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။
ဒါပေမယ့်လည်း နာကျင်အချိန်ပိုမှာ ဝဲလ်ဘတ်ကို ရောဘတ်ဆန် ပြစ်ဒဏ် ကျူးလွန်မိတယ် ဆိုပြီး VAR ပြန်ကြည့်ကာ ဘရိုက်တန်ကို ပင်နယ်တီ ပေးခဲ့ပြီး ဂရို့စ်က အဆုံးသတ် ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ထူးထူးခြားခြား ပြောစရာတွေကို ယခုလိုပဲ ဖော်ပြ ပေးလိုက်ပါတယ်။
၁~ခြေစွမ်းပြဖို့ ထပ်မံ ရုန်းကန်ခဲ့ရတဲ့ လီဗာပူး
လီဗာပူးဟာ ပြီးခဲ့တဲ့ ကြားရက်က အတ္တလန်တာနဲ့ ပွဲစဉ်မှာ ဆိုးရွားတဲ့ ခြေစွမ်းကို ပြသခဲ့ပြီး ဒီပွဲစဉ် မှာလည်း ကလော့ နေရာပေးခဲ့တဲ့ ကစားသမား တစ်ချို့ရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေကြောင့် ထပ်မံ ရုန်းကန် ခဲ့ရပြန်ပါတယ်။ ပွဲပြီးခါနီးမှာ လီဗာပူးတို့ ပေးခဲ့ရတဲ့ soft penalty ဟာ ပြောစရာ ဖြစ်ခဲ့ပေမယ့်လည်း တကယ်တမ်းတော့ ဘရိုက်တန်ဟာ ဒီပွဲစဉ်မှာ သရေတစ်မှတ်နဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
နောက်တန်းက နီကိုဝီလီယံ ၊ ကွင်းလယ်က မီနာမီနို တို့ လူပိုလို ဖြစ်နေတာကြောင့် လီဗာပူးဟာ ကစားအား ကျဆင်း နေခဲ့ပြီး တိုက်စစ်ပိုင်းမှာ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ရုန်းကန် ခဲ့ရတာကို ပထမပိုင်းမှာ အထင်းသာ မြင်တွေ့ ခဲ့ရပါတယ်။ လီဗာပူး အနေနဲ့ ဒဏ်ရာရ ကစားသမားတွေ အမြန်ဆုံး ပြန်လာဖို့နဲ့ ခြေစွမ်း တိုးတက်ဖို့ လိုအပ်နေပြီး မဟုတ်ဘူးဆိုရင် ပရီးမီးယားလိဂ် ဖလားကို ထိန်းသိမ်းနိုင်ဖို့ အတော် ခက်ခဲနိုင်ပါတယ်။ ကလော့ အတွက် ခေါင်းကိုက်စရာ ကတော့ အပတ်တိုင်း တိုးပွားနေတဲ့ ဒဏ်ရာ ပြသနာတွေ ဖြစ်ပြီး ဒါဟာ လူရွေးချယ်မှုပိုင်းကို များစွာ ခက်ခဲစေခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးဟာ ဒီရာသီ ဒဏ်ရာ ပြသနာတွေ အပြင် VAR ရဲ့ ထိုးနှက်မှုကို အများဆုံး ခံနေရတဲ့ အသင်း ဖြစ်ပြီး ဒီရာသီမှ ၈ ကြိမ်ထိ VAR ရဲ့ မျက်နှာပေးမှုကို မခံခဲ့ရပါဘူး။
၂~အရန်ကစားသမား မဟုတ်တော့တဲ့ ဂျိုတာ
လီဗာပူးရဲ့ ခြေစွမ်း သိပ်မကောင်းခဲ့ပေမယ့်လည်း လီဗာပူးရဲ့
ကောင်းနေမှုဟာ ဆက်လက် တည်ရှိနေဆဲ ဖြစ်ပြီး ပေါ်တူဂီ စတားဟာ အသင်းသစ် အတွက် အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူ ပေးခဲ့ပါတယ်။ လီဗာပူးတို့ ခံစစ် ကစားပုံ မာကျောနေတဲ့ ဘရိုက်တန်ကို ထိုးဖောက်ရ ခက်ခဲနေချိန်မှာ ဂျိုတာဟာ တစ်ကိုယ်တော် အစွမ်းနဲ့ နောက်ခံလူတွေကို ခြေယောင်ပြကာ သွေးအေးအေးနဲ့ အဆုံးသတ် ခဲ့တာ ဖြစ်ပါတယ်။
ဒီသွင်းဂိုးကြောင့် ဂျိုတာဟာ လီဗာပူး အတွက် ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၉ ဂိုးထိ သွင်းယူ ထားခဲ့ပြီး ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ ၎င်းဟာ ယာဂန်ကလော့ရဲ့ ဦးစားပေး ကစားသမား ဖြစ်နေမယ် ဆိုတာ အသေအချာ ပါပဲ။ လီဗာပူး အသင်းရဲ့ နောက်ထပ် ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှု တစ်ခု ဖြစ်ပါတယ်။
၃~ဟန်ဒါဆန်ရဲ့ လွှမ်းမိုးမှု
ဟန်ဒါဆန်ဟာ ဘရိုက်တန် နဲ့ ပွဲစဉ်မှာ အရန်ခုံ ကနေ စတင် ခဲ့ပါတယ်။ ပထမပိုင်းမှာ ၎င်းမရှိ ခဲ့မှုဟာ လီဗာပူး အတွက် ဘယ်လောက် အရေးပါသလဲ ဆိုတာ သိသာလှပြီး ပြိုင်ဘက် ကွင်းလယ်ကို လုံး၀ ယှဉ်မကစား နိုင်ခဲ့ပါဘူး။ ၎င်းမရှိတဲ့ လီဗာပူးဟာ ကွင်းလယ်မှာ အားနည်းနေသလို တိုက်စစ်ဆင်ရာမှာလည်း အဆိပ်မရှိ ဖြစ်နေခဲ့ပါတယ်။ မီနာမီနိုဟာ ဒီပွဲမှာ ကလော့ရဲ့ နေရာ ပေးမှုကို ခံခဲ့ရပေမယ့်လည်း အခုထိ အသင်းနဲ့ အထိုင်မကျသေးဘဲ ကြံ့ခိုင်မှုပိုင်းမှာ ရုန်းကန် နေရတာကြောင့် လာမည့် ပွဲစဉ်တွေမှာ တီယာဂို ၊ ချိန်ဘာလိန်တို့ အမြန်ဆုံး ပြန်လာဖို့တော့ လိုနေပါတယ်။
ဒုတိယပိုင်းမှာ ဟန်ဒါဆန် ဝင်လာချိန်မှာတော့ လီဗာပူးဟာ ယုံကြည်မှု ပိုမို အားကောင်း သွားခဲ့သလို အသင်းခေါင်းဆောင်ရဲ့ ဦးဆောင်မှုနဲ့ အတူ ပွဲကိုလည်း ကောင်းစွာ ထိန်းချုပ် နိုင်ခဲ့ပါတယ်။ ဒီလိုပွဲမျိုးဟာ ခေါင်းဆောင်မှုကို အထူး လိုအပ်ပြီး ဟန်ဒါဆန်ဟာ ဒါကို လုပ်ပြနိုင်ခဲ့ပါတယ်။ အကယ်၍ ဟန်ဒါဆန်သာ ဒီပွဲမှာ ပွဲထွက်နိုင်ခဲ့မယ်ဆိုရင် ရလဒ်ဟာ တစ်မျိုးတစ်ဖုံ ပြောင်းသွား နိုင်ပါတယ်။
၄~ ရုန်းကန် နေရတဲ့ လီဗာပူး ခံစစ်
လီဗာပူးဟာ ဒီရာသီမှာ ကစားခဲ့တဲ့ ၁၆ ပွဲမှာ မတူညီတဲ့ ဗဟို ခံစစ် အတွဲ ၁၁ ကြိမ်ထိ အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဖာဘင်ညို နဲ့ နက်ဖီးလစ် တို့အတွဲ ပွဲထွက် လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ပါဘူး။ ၎င်းတို့ရဲ့ အားထုတ်မှုပိုင်း ကောင်းခဲ့ပေမယ့်လည်း ပထမပိုင်းမှာ ကွင်းလယ်က လွှမ်းမိုးနိုင်မှု မရှိတာကြောင့် ဒီအတွဲဟာ ကွန်နိုလီရဲ့ ဒုက္ခပေးမှုကို ကောင်းကောင်း ခံခဲ့ရပါတယ်။
ဗန်ဒိုက် နဲ့ ဂိုးမက်ဇ် တို့ မရှိတဲ့ အခါ လီဗာပူးဟာ High line ကစားဖို့ ခက်ခဲနေတဲ့ အပြင် နီကိုဝီလီယံ ကလည်း မစွံတာကြောင့် လီဗာပူးရဲ့ ခံစစ် ပိုမို အားနည်းနေခဲ့ပါတယ်။ ဒီကြားထဲမှာ မီနာ ဒဏ်ရာ ရသွားခဲ့တာကြောင့် ကလော့ အနေနဲ့ လာမာ့် ပွဲစဉ်တွေမှာ ညာနောက်ခံလူ နေရာ အတွက် ခေါင်းခဲနေရပါတယ်။
၅~ဆက်လက် ကြီးထွားနေတဲ့ လီဗာပူးရဲ့ ဒဏ်ရာ ပြသနာ အကျပ်အတည်း
ဒီနေ့ ပွဲစဉ်မှာပဲ နှစ်သင်းစလုံးဟာ ဒဏ်ရာ ပြသနာတွေ ကြုံတွေ့ ခဲ့ရပြီး ပရီးမီးယားလိဂ် ကလပ်တွေဟာ ဒီရာသီ ဒဏ်ရာ ပြသနာ အကျပ်အတည်းတွေ များစွာ ကြုံတွေ့ နေရပါတယ်။ ဘရိုက်တန်ဟာ ဒီပွဲစဉ်မှာ မူပေး လယ်လာနာ တို့ကို လူစားလဲခဲ့ရသလို မီနာ ကလည်း ဒုတိယပိုင်းမှာ ဒူးကောက်ကြော ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပွဲစဉ်ဇယား ကျပ်တည်းမှုကို ညီးတွားနေတဲ့ ကလော့ အတွက် ဒီနေ့ အခြေအနေဟာ ၎င်းရဲ့ mood ကို တိုးတက်စေမှာတော့ မဟုတ်ပါဘူး။ လီဗာပူးဟာ ပထမဦးစားပေး နောက်ခံလူ ၃ ဦး အပြင် ကွင်းလယ်ပိုင်းမှာလည်း ဒဏ်ရာ ပြသနာတွေ များစွာ ရှိနေတာကြောင့် အတော့်ကို အားနည်းမှု ရှိနေခဲ့ပြီး ကလော့ အနေနဲ့ သူ မသုံးချင်တဲ့ ကစားသမားတွေကိုတောင် မဖြစ်မနေ အသုံးပြု နေရပါတယ်။ ကလော့ ပြောခဲ့တဲ့ အတိုင်းပဲ ရုပ်သံထုတ်လွှင့်သူတွေ ၊ တာဝန်ရှိသူတွေ အနေနဲ့ ကစားသမားတွေကို ဒီထက် ဂရုစိုက်ဖို့တော့ လိုနေပါပြီ။