နာမည်ကြီး လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Twitter တွင် စော်ကားပြောဆိုအခံရဆုံးကစားသမားအဖြစ် မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့် အသင်းခေါင်းဆောင် မက်ဂွိုင်းရားတို့က မှတ်တမ်းဝင်နေကြောင်း သိရသည်။
ယင်းစာရင်းတွင် ထိပ်ဆုံး ၁၀ ဦး၌ မန်ယူအသင်းမှ ကစားသမား ရှစ်ဦးအထိ ပါဝင်နေပြီး ထိပ်ဆုံးလေးဦးတွင်လည်း မန်ယူကစားသမားများပင် ရပ်တည် ခဲ့ခြင်းဖြစ်သည်။
ယင်းစစ်တမ်းကို ဗြိတိန်ဆက်သွယ်ရေး ဝန်ကြီးဌာနဖြစ်သည့် Ofcom နှင့် Alan Turing Institue တို့က ပြီးခဲ့သည့် ၂၀၂၁-၂၂ ဘောလုံးရာသီ ပထမရာသီဝက်တွင် Twitter ၌ စော်ကားပြောဆိုခံရမှုများကို ပူးပေါင်း ပြုစုခဲ့ခြင်းဖြစ်သည်။
ပထမရာသီဝက်အတွင်း Twitter ၌ Tweet ခဲ့သည့် အကြောင်းအရာ ၂ ဒသမ ၃ သန်းကို Machine-learning စက်ဖြင့် ခွဲခြမ်းစိတ်ဖြာခဲ့ပြီး ယင်းထဲတွင် ပရီးမီးယားလိဂ်ကစားသမားများကို စော်ကားပြောဆိုသည့် Post စုစုပေါင်းမှာ ၂ ဒသမ ၃ ရာခိုင်နှုန်းဖြစ်သည့် ၆၀၀၀၀ နီးပါးအထိ ရှိခဲ့သည်။
ယင်းစော်ကားပြောဆိုသည့် Post စုစုပေါင်း၏ ပမာဏထက်ဝက်သည် ကစားသမား ၁၂ ဦးကိုသာ ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။ “ဒီရှာဖွေတွေ့ရှိချက်တွေက လှပသော အားကစားနည်းတစ်ခုရဲ့ အမှောင်ခြမ်းက ယိုစီးမှုပါပဲ။ အွန်လိုင်းကနေ စော်ကားပြောဆို ခံရမှုတွေဟာ အားကစား၊ ဒါမှမဟုတ် ပိုမိုကျယ်ပြန့်တဲ့ လူ့အဖွဲ့အစည်းမှာ နေရာမရှိပါဘူး။ အသင်းအဖွဲ့အနေနဲ့ ပိုမိုအားထုတ်ကြိုးပမ်းပြီး အရေးယူသွားဖို့ လိုအပ်ပါတယ်” ဟု Ofcom ၏ ရုပ်သံနှင့် အွန်လိုင်းဒါရိုက်တာ ဖြစ်သူ ကီဗင်ဘက်ဟက်စ်က သုံးသပ်ပြောကြားခဲ့သည်။
ယင်းစာရင်းတွင် စီရော်နယ်လ်ဒိုက စော်ကားပြောဆိုခံရမှု ၁၂၅၂၀ ကြိမ်ရှိခဲ့ပြီး မက်ဂွိုင်းရားက ၈၉၅၄ ကြိမ်ရှိနေကာ တတိယနေရာ၌ ရပ်တည်ခဲ့သည့် ရပ်ရှ်ဖို့ဒ်ထက်ပင် အကြိမ်ပေါင်း ၆၄၀၀ ကျော် ပိုများခဲ့ကြောင်း သိရသည်။
ရပ်ရှ်ဖို့ဒ်က ၂၅၅၇ ကြိမ်၊ ဘရူနိုဖာနန်ဒက်စ် ၂၄၆၄ ကြိမ်၊ ဟာရီကိန်းက ၂၁၂၄ ကြိမ်၊ ဖရက်ဒ်က ၁၉၂၄ ကြိမ်၊ လင်ဂတ် က ၁၆၀၅ ကြိမ်၊ ဂရီးလစ်ရှ်က ၁၅၃၈ ကြိမ်၊ ပေါ့ဘာက ၁၄၄၆ ကြိမ်၊ ဒီဟေးယားက ၁၃၉၄ ကြိမ်အထိ Twitter တွင် စော်ကားအပြောဆို ခံရခြင်းဖြစ်သည်။
မန်ယူအသင်းသို့ စီရော်နယ်လ်ဒို ပြန်လည်ရောက်ရှိသည့် ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၇ ရက်တွင် Twitter ၌ Tweet မှုမှာ အခြားရက်ထက် သုံးဆ ပိုမိုများပြားကာ ၁၈၈၇၆၉ ကြိမ်ရှိခဲ့ပြီး ယင်းထဲမှ ၃၉၆၁ ကြိမ်မှာ စော်ကားပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Follower ၉၈ ဒသမ ၄ သန်းရှိသည့် စီရော်နယ်လ်ဒိုသည် ပရီးမီးယားလိဂ်ကစားသမားကို ရည်ရွယ်သည့် Tweet ၉၀ ရာခိုင်နှုန်း ပါဝင်ပတ်သက်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်ကစားသမား ၁၀ ဦးတွင် ခုနစ်ဦးမှာ စော်ကားပြောဆိုခံရကြောင်း ယင်းစစ်တမ်းတွင် ရေးသားခဲ့သည်။