ဆွီဒင်အခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Spotify ကို တည်ထောင်ခဲ့သူ ဒန်နီယဲလ်အက်ခ်သည် အာဆင်နယ်အသင်းကိ်ုဝယ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
လက်ရှိအချိန်တွင် အာဆင်နယ်အသင်းပိုင်ရှင် စတန်ကရွန်ကီမှာ အသင်းမှထွက်ရန် ပရိသတ်များ၏ ဖိအားပေးမှုကို အပြင်းအထန်ခံနေရရာ ဒန်နီယဲလ်အက်ခ်က သူ၏ဆန္ဒကို ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
အသက် (၃၈)နှစ်အရွယ်သာရှိသေးသော ဆွီဒင်လူမျိုးစီးပွားရေးလုပ်ငန်းရှင် ဒန်နီယဲလ်အက်ခ်သည် လွန်ခဲ့သည့် (၁၃)နှစ်က Spotify ကို စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ဂီတကိုအခြေခံသည့် သူ၏နည်းပညာကုမ္ပဏီမှာ တန်ဖိုးပေါင် (၅၈)ဘီလီယံတန်ကြေးရှိနေပြီဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှု ပေါင် (၄.၇)ဘီလီယံကြွယ်ဝချမ်းသာသော ဒန်နီယဲလ်အက်ခ်သည် ပြီးခဲ့သည့် ဧပြီ(၂၃)ရက် (သောကြာနေ့) ညက သူ၏ Twitter စာမျက်နှာ၌ ”ကလေးငယ်ဘဝကနေ ကြီးပြင်းလာခဲ့ရာမှာ ကျွန်တော်ဟာ အာဆင်နယ်အသင်းကို တောက်လျှောက်အားပေးခဲ့ပါတယ်။ တကယ်လို့သာ KSE (Kroenke Sports & Entertainment = အာဆင်နယ်အသင်းကိုပိုင်ဆိုင်သော ကရွန်ကီ၏ကုမ္ပဏီ)က အာဆင်နယ်အသင်းကို ရောင်းချခဲ့မယ်ဆိုရင် ကျွန်တော် ပျော်ပျော်ရွှင်ရွှင်ကြီး ဝယ်ယူမှာပါ”ဟု ရေးသားခဲ့သည်။