မန်ယူအသင်း၏ ဂန္ထဝင်ကစားသမားဖြစ်သူ နစ္စတယ်ရွိုင်းသည် အသင်းဟောင်း PSV အသင်းနည်းပြဖြစ်လာရန် ရေပန်းအစားဆုံးဖြစ်လာကြောင်း သိရသည်။
အသက် ၄၅ နှစ်ရှိပြီဖြစ်သူ နစ္စတယ်ရွိုင်းသည် Jong PSV (PSV အရန်အသင်း)ကို ကိုင်တွယ်နေပြီး ပြီးခဲ့သည့်နွေရာသီအထိ PSV ယူ-၁၈ အသင်းကို သုံးနှစ်ကြာ ကိုင်တွယ်ခဲ့သူဖြစ်သည်။
နစ္စတယ်ရွိုင်းအနေဖြင့် နယ်သာလန်အသင်း လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော်လည်း ပထမအသင်း နည်းပြအဖြစ် ဆောင်ရွက်ဖူးခြင်းမရှိကြောင်း သိရသည်။
PSV အသင်း၏ လက်ရှိနည်းပြ ဖြစ်သူ ရော်ဂျာရှမစ်သည် ကလပ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုမရရှိသောကြောင့် ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာတော့မည်ဟု အတည်ပြုကြေညာထားခြင်းဖြစ်သည်။
ပြီးခဲ့သည့်နွေရာသီကမှ PSV အသင်းအမှုဆောင်ချုပ်ဖြစ်လာသူ အဲဗာတန်ဘောလုံးဒါရိုက်တာဟောင်း မာဆယ်ဘရန်းစ်ကလည်း နစ္စတယ်ရွိုင်းကို ထောက်ခံချက်ပေးထားကြောင်း သိရသည်။