စပါးအသင်းနည်းပြ အန်တိုနီယိုကွန်တီက ၎င်းအနေဖြင့် PSG အသင်းအား ပြောင်းလဲကိုင်တွယ်ရန် ဆက်သွယ်နေသည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
PSG အသင်းသည် ယခုရာသီတွင် လီဂူး-၁ ပြိုင်ပွဲတစ်ခုတည်း၌သာ ချန်ပီယံဆုရယူနိုင်သဖြင့် နည်းပြဖြစ်သူ ပိုချက်တီနိုနှင့် လမ်းခွဲရန် စီစဉ်နေပြီး ၎င်းနေရာတွင် အစားထိုးရန်အတွက် ကွန်တီကို ဆက်သွယ်မှုပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
သို့သော် ယင်းသတင်းများနှင့်ပတ်သက်၍ ကွန်တီက ”တခြားကလပ်တွေက ကျွန်တော်လုပ်နေတာတွေကို သဘောကျတယ်ဆိုတာ ကောင်းတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒါက တစ်ချက်ပါ။ လူတွေက သတင်းတွေ ဖန်တီးဖို့ ကြိုးစားနေတာကို ကျွန်တော် မကြိုက်ဘူးဆိုတာကလည်း အမှန်တရားပါ။ အဲဒါက စကားတွေပိုပြောရဖို့ ဒါမှမဟုတ် ပြဿနာတွေပဲ ဖန်တီးပေးနိုင်တယ်။ ဒီသတင်းတွေက ကျွန်တော်ကိုယ်တိုင်အတွက် ဒါမှမဟုတ် အဲဒီမှာ ပါဝင်နေတဲ့ အသင်းတွေအတွက်တော့ မျှတမှုမရှိပါဘူး။ ဒီအခြေအနေက ကျွန်တော့်ကို ပြုံးရယ်စေပါတယ်။ ဒါပေမဲ့ ဒါတွေကို ပြောချင်သူတွေအနေနဲ့ ဒီအခြေအနေမှာ ပါဝင်ပတ်သက်နေသူတွေအားလုံးကို လေးစားမှုရှိကြောင်းပြသဖို့ လိုအပ်သလို အလိမ်အညာတွေကို အများကြီးပြောတာ၊ သတင်းအတုတွေ ဖန်တီးတာမျိုး မလုပ်ဖို့လိုမယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်ကတော့ လက်ကျန်ကစားရမယ့် ပွဲတွေအကြောင်းပဲ စဉ်းစားထားပါတယ်” ဟု ပြောကြားခဲ့သည်။
ကွန်တီသည် ၂၀၂၁ နိုဝင်ဘာလ(၂)ရက်တွင် စပါးအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး (၁၈)လသက်တမ်းနှင့် တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည့် အချက်ပါဝင်သောစာချုပ်ကို ချုပ်ဆိုထားခြင်းလည်းဖြစ်သည်။
သို့သော် ကွန်တီက ကာလရှည်ဆက်ရှိနိုင်မလား ဆိုသည်နှင့်ပတ်သက်ပြီး ကတိပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် ၎င်းအပါအဝင် ကစားသမားများ၊ ပရိသတ်များအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာရုံစူးစိုက်မှု အပြည့်အဝထားရှိရန်လည်း ကွန်တီက တိုက်တွန်းခဲ့သည်။
စပါးအသင်းသည် လက်ကျန်ပွဲများအဖြစ် မေလ(၇)ရက်တွင် လီဗာပူးလ်နှင့် အဝေးကွင်း၊ မေလ(၁၂)ရက်တွင် အာဆင်နယ်နှင့်အိမ်ကွင်း၊ မေလ(၁၅)ရက်တွင် ဘန်လေ နှင့်အိမ်ကွင်း၊ မေလ(၂၂)ရက်တွင် နောဝစ်ချ် နှင့် အဝေးကွင်းပွဲများ ကစားရမည်ဖြစ်ပြီး လာမည့်နှစ်ပွဲမှာ အသင်းအတွက် အဆုံးအဖြတ် ဖြစ်နေသည်။