PSG အသင်း၏ ဘရာဇီးလ် တိုက်စစ်မှူးနေမာသည် အသင်းနှင့် စာချုပ်သစ်ဆွေးနွေးမှုကို ရပ်ဆိုင်းထားခဲ့ပြီး ၎င်းအနေဖြင့် အသင်းဟောင်း ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့ရန်အသင့်ဖြစ်နေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
အသက် (၂၉)နှစ်အရွယ်ရှိ တိုက်စစ်မှူး နေမာသည် ၂၀၁၇ သြ ဂုတ်လတွင် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်းဖြင့် ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက ၎င်းအနေဖြင့် အသင်းဟောင်း ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့တော့မည်ဟု သတင်းများ ထွက်ပေါ် ခဲ့သူဖြစ်သည်။
ဘာစီလိုနာအသင်းအနေဖြင့်လည်း နေမာအား ပြန်လည်ခေါ်ယူနိုင်ရန် အလွန်နီးစပ်သည့်အခြေအနေများပင်ရှိခဲ့ပြီး အဆုံးသတ်ဆွေးနွေးမှုများ မအောင်မြင်ခဲ့ခြင်းကြောင့်သာ ယင်းအပြောင်းအရွှေ့မှာ မဖြစ်မြောက်ခဲ့ပေ။
ထို့ပြင် ပြီးခဲ့သည့် မတ်လအတွင်း နေမာ၏ အေးဂျင့်ဟောင်းနှင့် ဘာစီလိုနာအသင်း၏ ကင်းထောက်ချုပ်ဟောင်းဖြစ်သူ အန်ဒရီကာရီကလည်း နေမာအနေဖြင့် မက်ဆီနှင့် ထပ်မံတွဲဖက်ကစားရန် ဆန္ဒပြင်းပြနေသော်လည်း PSG အသင်းတွင်မဟုတ် ဘဲ ဘာစီလိုနာအသင်းတွင်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ ယင်းနောက်ပိုင်းတွင် နေမာနှင့် ဘာစီလိုနာတို့၏ အပြောင်းအရွှေ့သတင်းများမှာလည်း ပြန်လည်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
မူလက နေမာသည် မက်ဆီနှင့် PSG အသင်းတို့၏အပြောင်းအရွှေ့ သတင်းများကြောင့် PSG အသင်းနှင့် စာချုပ်သစ်ဆွေးနွေးရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်မူ မက်ဆီအနေဖြင့် ဘာစီလိုနာအသင်းနှင့်စာချုပ် သစ်ချုပ်ဆိုရန် ပြန်လည်စဉ်းစားနေ သည့်အတွက် နေမာမှာ PSG အသင်း နှင့် စာချုပ်သစ်ဆွေးနွေးမှုကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။