PSG အသင်းတိုက်စစ်မှူး နေမာက မိမိအနေဖြင့် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုမည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်နှင့်ပွဲအပြီးတွင် အတည်ပြုပြောကြားခဲ့သည်။
PSG အသင်းသည် ဧပြီလ (၁၃)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်း၌ (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နှစ်ကျော့ပေါင်း (၃-၃)ဂိုးဖြစ်သဖြင့် အဝေးဂိုးစနစ်ဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
အဆိုပါပွဲအပြီးတွင် ၂၀၂၂ ခုနှစ်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဘရာဇီးလ်တိုက်စစ်မှူး နေမာက အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရေးကိစ္စမှာ ပြဿနာတစ်ခုမဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နေမာက “PSG အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုရေးကိစ္စက ပြဿနာမဟုတ်ပါဘူး။ PSG အသင်းမှာ ကျွန်တော် ဘယ်လောက် သက်သောင့်သက်သာဖြစ်တယ်ဆိုတာ မြင်သာနေတာပဲလေ။ PSG အသင်းမှာ နေရတာဟာ အိမ်မှာနေရသလိုပါပဲ။ PSG အသင်းမှာ အရင်ကထက်တောင် ကျွန်တော် ပျော်နေပါပြီ”ဟု ပြောကြားခဲ့သည်။
အသက် (၂၉)နှစ်အရွယ်ရှိ နေမာသည် ၂၀၁၇ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာအသင်းမှ PSG အသင်းထံသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို(၂၂၂)သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။
နေမာသည် PSG အသင်းတွင် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၀၆)ပွဲတွင် (၈၃)ဂိုး သွင်းယူထားသည်။