PSG အသင်းနည်းပြ ပိုချက်တီနိုအနေဖြင့် ယခုနွေရာသီတွင် စာချုပ်ဖျက်သိမ်း၍ လမ်းခွဲခွင့်ပြုရန် တောင်းဆိုထားသည့်သတင်းကို အားကစားဒါရိုက်တာဖြစ်သူ လီယိုနာဒိုက ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
ပိုချက်တီနိုသည် ဇန်နဝါရီတွင် PSG အသင်းကို စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး စာချုပ်သက်တမ်းမှာ ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်အထိဖြစ်သလို တစ်နှစ်ထပ်မံတိုးမြှင့်ခွင့်ရှိသည့်အချက်လည်း ထည့်သွင်းချုပ်ဆိုထားသည်။
၎င်းအနေဖြင့် PSG အသင်းကိုကိုင်တွယ်သည်မှာ ငါးလသာရှိသေးသော်လည်း အသင်းဟောင်း စပါးက ပြန်လည်ခေါ်ယူရန် ချဉ်းကပ်နေသလို ရီးယဲလ်အသင်းကလည်း ဇီဒန်း၏နေရာတွင် အစားထိုးရန်အတွက် နံပါတ် ၁ ဦးစားပေးအဖြစ် ရည်ရွယ်ထားကြောင်း သိရသည်။
ထို့ပြင် ပိုချက်တီနိုကိုယ်တိုင်ကလည်း အသင်းမှထွက်ခွာခွင့်ပြုရန် တောင်းဆိုထားကြောင်း သတင်းများထွက်ပေါ်လျက်ရှိသဖြင့် ၎င်း၏အနာဂတ်မှာ မရေမရာဖြစ်နေခြင်းဖြစ်သည်။
သို့သော် PSG အသင်း အားကစားဒါရိုက်တာ လီယိုနာဒိုက ”မော်ရီစီယိုပိုချက်တီနိုက PSG နဲ့ စာချုပ်သက်တမ်း နှစ်နှစ်ကျန်ပါသေးတယ်။ သူ့ကို ခန့်အပ်ထားတဲ့အတွက် ကျွန်တော်တို့လည်း အရမ်းဝမ်းသာပါတယ်”ဟု Europe 1 ရေဒီယိုသို့ ပြောကြားသည်။
ပိုချက်တီနိုသည် PSG အသင်းအား ကိုင်တွယ်သည့် ရာသီဝက်ကာလအတွင်း ပြင်သစ်ဖလားနှင့် ပြင်သစ်စူပါဖလား ဆွတ်ခူးရရှိထားသော်လည်း အမှတ်ပေးချန်ပီယံဆု လက်လွှတ်ခဲ့ရသည်။