PSG တိုက်စစ်မှူး မက်ဆီ၏ ပထမဆုံးပြင်သစ်လီဂူးသွင်းဂိုးကို ဘာပေက ဖန်တီးပေးပို့ခဲ့ခြင်းဖြစ်ပြီး ထူးခြားသည်မှာ PSG အသင်းအတွက် မက်ဆီ သွင်းယူခဲ့သည့် (၄)ဂိုးစလုံးကို ဘာပေက ဖန်တီးပေးခဲ့ခြင်းပင်ဖြစ်သည်။
ဘာပေသည် မက်ဆီ သွင်းယူခဲ့သည့် (၄)ဂိုးအနက် (၃) ဂိုးကို တိုက်ရိုက်ပံ့ပိုးပေးခဲ့ပြီး လိုက်ပ်ဇစ်နှင့် ချန်ပီယံလိဂ်ပွဲ၌ မက်ဆီ သွင်းယူသည့် ပယ်နယ်တီဂိုးမှာလည်း ၎င်းကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။
မက်ဆီသည် PSG အသင်းသို့ နွေရာသီအပြောင်းအရွှေ့ကာလတွင် ရောက်ရှိခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ၌ (၃)ပွဲကစားကာ (၃)ဂိုးသွင်းယူထားနိုင်သော်လည်း ပြင်သစ်လီဂူးတွင်မူ (၆)ပွဲမြောက်တွင်မှ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
မက်ဆီသည် နန့်စ်နှင့်ပွဲတွင် ဂိုးကန်သွင်းမှု (၆)ကြိမ်၊ အသင်းဖော်များအား အခွင့်အရေးဖန်တီးပေးမှု (၃)ကြိမ်နှင့် ခြေစွမ်းပြခဲ့ပြီး ပြင်သစ်လီဂူးပြိုင်ပွဲ၌ ၎င်း၏ တိုက်စစ်စွမ်းဆောင်ရည်အကောင်းဆုံးပွဲတစ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။
ပြင်သစ်လီဂူး၌ မက်ဆီ ဂိုးသွင်းယူနိုင်မည့်အချိန်ကို ပရိသတ်များသာမက မီဒီယာများကလည်း စောင့်မျှော်နေခဲ့ကြသောကြောင့် မက်ဆီ ဂိုးသွင်းယူနိုင်သည့်သတင်းမှာ လူမှုကွန်ရက်များတွင် လူပြောအများဆုံး အကြောင်းအရာတစ်ခုလည်း ဖြစ်ခဲ့သည်။
ထို့ုပြင် မီဒီယာအများစုက မက်ဆီအနေဖြင့် ပြင်သစ်လီဂူး၌ သွင်းဂိုးများ အစပြုပြီဖြစ်ကြောင်းလည်း ချီးကျူးဖော်ပြခဲ့ကြသည်