PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရရှိသွားပြီးနောက် မန်စီးတီးကြယ်ပွင့်ဖိုဒန်ဟာ သမိုင်းတလျှောက် အကောင်းဆုံးအင်္ဂလိပ်ကစားသမား ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်လာပါတယ်။
ဖိုဒန်က ကစားသမားဘ၀ ပထမဆုံးအကြိမ်အဖြစ် PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ယမန်နေ့(အင်္ဂါနေ့)မှာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အင်္ဂလန်ကြယ်ပွင့်က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပက်ဂွါဒီယိုလာရဲ့အသင်းနဲ့အတူ ရင်သပ်ရှုမောဖွယ်ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုတံဆိပ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဖိုဒန်က လိဂ် ၃၅ ပွဲကစား၊ ၁၉ ဂိုးသွင်းယူရင်း မန်စီးတီးအသင်းကို စံချိန်တင်ပရီးမီးယားလိဂ်ချန်ပီယံဆုလေးကြိမ်ဆက်ရရှိအောင် ကူညီပေးခဲ့ပါတယ်။ အခုနှစ်၊ မေလအတွင်း အသက်-၂၄ နှစ်ပြည့်မြောက်ခဲ့တဲ့ မန်စီးတီးကြယ်ပွင့်က ကစားသမားဘဝမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုခြောက်ကြိမ်တိတိ ဆွတ်ခူးထားနိုင်ပါတယ်။
အခု PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဖိုဒန်က ချဲလ်ဆီးရဲ့ကိုးလ်ပယ်လ်မာ၊ အာဆင်နယ်ရဲ့အိုဒီဂတ်၊ အက်စတွန်ဗီလာရဲ့အိုလီဝက်ကင်စ်တို့အပြင် ကလပ်အသင်းဖော်တွေဖြစ်တဲ့ ရိုဒရီနဲ့ ဟာလန်းတို့ကို ကျော်ဖြတ်ကာ သိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိမှာတော့ စကာတင်စာရင်းဝင် မန်စီးတီးကြယ်ပွင့်နှစ်ဦးက ဖိုဒန်ရဲ့အောင်ပွဲကို မှတ်ချက်ပြုတုံ့ပြန်လိုက်သလို အင်္ဂလန်လက်ရွေးစင်ကစားသမားအပေါ် သူတို့တွေ ဘယ်လောက်အထိ အကဲဖြတ်ထားသလဲဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးလာခဲ့ပါတယ်။
အသင်းဖော်ရဲ့အောင်မြင်မှုအပေါ် ဝမ်းသာအားရကျေနပ်နေတဲ့ ရိုဒရီက “ ဖိုဒန်အတွက် ကျွန်တော် အရမ်းပျော်ရွှင်ကျေနပ်မိပါတယ်။ အရိုးရှင်းဆုံးပြောရရင် သူက အရမ်းတော်တဲ့ကလေးတစ်ယောက်၊ အရမ်းရှက်တတ်တဲ့ကလေးတစ်ယောက် ဖြစ်ပါတယ်။ သူက ကစားသမားဘဝအနားယူချိန်မှာ သမိုင်းတလျှောက် အကောင်းဆုံးအင်္ဂလိပ်ကစားသမားတစ်ဦးဖြစ်လာနိုင်မယ့် အရည်အသွေးမျိုး ပိုင်ဆိုင်ထားပါတယ်။ ဒီအတွက် အခုလိုအဆင့်အတန်းမျိုးကို ပွဲတွေမှာ ဆက်လက်ထိန်းသိမ်းသွားဖို့ လိုအပ်ပါတယ်။ သူက ပရီးမီးယားလိဂ်နဲ့ ဥရောပဘောလုံးကမ္ဘာမှာ အကောင်းဆုံးကစားသမားစာရင်းဝင် ဖြစ်ခဲ့ပြီးပါပြီ။ သူ ဒီထက်တောင် ပိုကောင်းလာနိုင်သေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဖိုဒန်ရဲ့ အရည်အသွေးနဲ့ ရည်မှန်းချက်၊ ကျွန်တော့်တို့လို လူကြီးတွေရဲ့စကားကို နေ့တိုင်းနားထောင်ကာ အလုပ်ကြိုးစားသွားဖို့.. ဒီအချက်တွေကပဲ အရေးအကြီးဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ သူ အရမ်းကောင်းခဲ့ပါတယ်။ အသင်းကို ထမ်းပိုးသယ်ဆောင်ပေးလာတဲ့ ဖိုဒန်ကို မြင်တွေ့လိုက်ရတဲ့ ပထမဆုံးဘောလုံးရာသီပါ”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဟာလန်းကလည်း “ ဖိုဒန်က လူတော်တစ်ယောက်ပါ။ သူနဲ့အတူ တွဲကစားရတာ၊ သူနဲ့အတူ ဟာသတွေလုပ်နေရတာကို ကျွန်တော် တကယ်ကြိုက်ပါတယ်။ ဖိုဒန်က မယုံကြည်နိုင်စရာကောင်းသူတစ်ဦးပါ။ ဘယ်သူ့ဆီကမှ မမြင်ဖူးတဲ့အရာမျိုးကို လေ့ကျင့်ရေးကွင်းမှာ သူလုပ်ပြနေမှုအချို့ကလည်း မယုံနိုင်စရာပါပဲ။ သူနဲ့အတူတွဲဖက်ကစားရတာ ကျွန်တော့်အတွက် ကံကောင်းမှုတစ်ခုပါ”လို့ သူ့ရဲ့အမြင်ကို ထုတ်ဖော်ခဲ့ပါတယ်။
ဖိုဒန်က ၂၀၁၀ ပြည့်နှစ်၊ ဝိန်းရွန်းနီနောက်ပိုင်း PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်တဲ့ အင်္ဂလိပ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ပရီမီးယားလိဂ်ချန်ပီယံတွေက လာမယ့်စနေနေ့၊ အယ်တီဟတ်ကွင်းမှာ အစ်ဆွစ်ချ်အသင်းကို ဧည့်ခံကစားရပါမယ်။