မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဟာ ဒီရာသီ အသင်းအတွက် အထူးပုံစံကောင်း ပြသထားနိုင်ခဲ့ပြီး အဆင့် 2 နေရာမှာ ရာသီ ပိတ်သိမ်းအောင် ကူညီပေးထားနိုင်ခဲ့တဲ့ အတွက် ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆန်ခါတင် စာရင်းမှာ ပါဝင်ခဲ့ ပါတယ် ။
အခြား တစ်ဖက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ကိုယ်တိုင် 28 ဂိုး သွင်းယူ ၊ 18 ကြိမ်ထိ ဂိုးဖန်တီး ပေးထားနိုင်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက် ပရိသတ်တွေ ရွေးချယ်ပေးတဲ့ အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း နှစ်ရာသီဆက် ဆွတ်ခူးထားခဲ့ပါသေးတယ် ။
အခုတော့ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခွင့် ရှိနေတဲ့ ဘရူနို ဖာနန်ဒက်စ် ဆုရရှိနိုင်ခြေ နဲ့ ပတ်သက်လို့ အမေးခံလိုက်ရချိန်မှာတော့ သူဟာ အသင်းနဲ့အတူ ဆုဖလားတွေ ရတာကို ပိုပြီး နှစ်ခြိုက်မိမှာ ဖြစ်ကြောင်း ၊ တစ်ကိုယ်တော်ဆ ရတယ်ဆိုတာကလည်း ကောင်းတဲ့ အရာဖြစ်ကြောင်း ရိုးရှင်းစွာ ဖြေကြား ခဲ့လိုက် ပါတယ် ။
” ကျွန်တော်တို့ ဆုဖလားတွေကို ရမလား ၊ ဒါက အရေး အကြီးဆုံး အရာပါပဲ ။ ဟုတ်ပါတယ် ၊ ကစားသမားတွေ အတွက် တစ်ကိုယ်တော် ဆုတံဆိပ် ရတာက ကောင်းလှ ပါတယ် ။ ကျွန်တော် ကိုယ်တိုင်ကလည်း အကောင်းဆုံး ကစားသမားဆုမျိုး မလိုချင်ဘူး ၊ PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား မဖြစ်ချင်ဘူးလို့ ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူး ”
” ကျွန်တော် လိုချင်ပါတယ် ။ ဒါပေမယ့် အသင်းက ဆုဖလားတွေကို ရရှိမှ ကျွန်တော် ဒါကို လိုချင်တာမျိုးပါ ။ အကယ်လို့ အသင်းက ဆုဖလားတွေကို ဆွတ်ခူးမယ်ဆိုရင် ဒါက ကျွန်တော် ကိုယ်တိုင် အကောင်းဆုံး ဆုတံဆိပ် ရခဲ့သလိုမျိုးပဲ တူညီတဲ့ ခံစားချက် ပေးပါလိမ့်မယ် ”
” ကျွန်တော့် အတွက်တော့ ကျွန်တော့်ရဲ့ အသင်းဖော်တွေကို အကောင်းဆုံး ကစားသမားဆု ရအောင် ကူညီ ပေးခြင်းကလည်း အရေးကြီးတဲ့ ကိစ္စ တစ်ခု ပါပဲ ။ ဒါဟာလည်း အရမ်းကို အရေးကြီးပါတယ် ။ အကယ်လို့ အသင်းက ကစားသမား တစ်ယောက် အကောင်းဆုံးဆု ရရှိတယ် ဆိုရင် ကျွန်တော်တို့ အသင်း အရမ်းအရမ်းကို ကောင်းအောင် ကစားနိုင်ခဲ့တယ်လို့ ပြောလိုက်ခြင်း ဖြစ်နေမှာပါပဲ ”
” ကျွန်တော့်အတွက်တော့ အသင်းကနေ တစ်ကိုယ်တော် ဆုတံဆိပ် ဘယ်သူပဲရပါစေ ကျေနပ် ပျော်ရွှင်နေမှာတော့ သေချာလှပါတယ် ။ ဆုတံဆိပ် ရတယ်ဆိုတာက အသင်းလိုက် ကစားပုံ အရမ်းကိုကောင်းမွန်ခဲ့တယ်လို့ ဆိုလိုခြင်းပဲလေ ”
” ဘောလုံးမှာဖြစ်ဖြစ် ၊ ဒါမှမဟုတ် အသင်းလိုက် ကစားရတဲ့ ဘယ်လို အားကစားမျိုးမှာပဲ ဖြစ်ဖြစ် ၊ တစ်ယောက်ထဲ ဇွတ်ကောင်းနေရုံနဲ့ ဘယ်သူမှ အကောင်းဆုံးဆုကို မရနိုင်ပါဘူး ။ ခင်ဗျား ကောင်းဖို့တော့ လိုအပ်ပါတယ် ။ အဲ့တာနဲ့ အတူတူ ခင်ဗျားရဲ့ အသင်းဖော်တွေလည်း ကောင်းပေးနေကြဖို့ လိုအပ်လှ ပါတယ် ”
” ခင်ဗျား တစ်ကိုယ်တော် ဆုတံဆိပ် တစ်ခုခု ရရှိတယ်ဆိုရင် ခင်ဗျား တကယ် ကောင်းခဲ့လို့ ဆိုတာ သေချာနေမှာပါ ၊ ခင်ဗျားကိုယ်တိုင်လည်း ဂုဏ်ထူးမှတ်နဲ့ ထိုက်တန်နေမှာပါ။ ဒါပေမယ့် အသင်းဖော်တွေလည်း ဂုဏ်ထူးမှတ်နဲ့ ထိုက်တန် နေကြပါလိမ့်မယ် ။ ဘာလို့လဲ ဆိုတော့ သူတို့က ခင်ဗျား ပိုကောင်းအောင် ကူညီပေးနေခဲ့ကြလို့ပါပဲ ” လို့ ဘရူနို ဖာနန်ဒက်စ် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။