စပိန်အားကစားသတင်းစာ Marca က ဥရောပဘောလုံးလောကအတွင်း ၂၀၂၂ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး ကစားသမား(၃၀)ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ ပရီးမီးယားလိဂ်ကစားသမား (၉)ဦးအထိ ပါဝင်ခဲ့ကြောင်း သိရသည်။
သို့သော် ယင်းစာရင်း၏ ထိပ်ဆုံးနေရာကို ပရီးမီးယားလိဂ်ပြင်ပမှ ကစားသမားများက ရယူထားနိုင်ခဲ့ပြီး PSG အသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး နေမာက နံပါတ်(၁)နေရာတွင် ရပ်တည်ခဲ့သည်။
ဒုတိယနေရာတွင် PSG အသင်းမှပင်ဖြစ်သည့် အာဂျင်တီးနားဝါရင့်တိုက်စစ်မှူး မက်ဆီက ရပ်တည်ခဲ့ပြီး တတိယနေရာတွင် ရီးယဲလ်အသင်းမှ ဝေးလ်စ်ကစားသမား ဂါရတ်ဘေးလ်က ရပ်တည်ခဲ့သည်။
နေမာသည် တစ်နှစ်လျှင် ဝင်ငွေ ပေါင်(၄၁.၅)သန်းရရှိနေပြီး ဥရောပဘောလုံးလောက၏ ဝင်ငွေအကောင်းဆုံးဘောလုံးသမားအဖြစ် ရပ်တည်နေ ခြင်းဖြစ်သည်။
ဥရောပဘောလုံးလောက၏ ဝင်ငွေအကောင်းဆုံး ကစားသမား(၃၀)ဦးစာရင်းတွင် ပရီးမီးယားလိဂ်မှ (၉)ဦး အထိ ပါဝင်ခဲ့သော်လည်း ထိပ်ဆုံး(၁၀)ဦးစာရင်းတွင်မူ စီရော်နယ်လ်ဒို၊ ဒီဘရိုင်းနားနှင့် ဒီဟေးယားတို့သာ ပါဝင်ခဲ့သည်။
သို့သော် မန်ယူကစားသမား (၅)ဦးအထိ ပါဝင်ခဲ့ပြီး ထူးခြားသည်မှာ လီဗာပူးလ်အသင်းမှ ကစားသမား တစ်ဦးမျှ မပါဝင်ခဲ့ခြင်းပင်ဖြစ်သည်။
ယခုစာရင်းအရ ပရီးမီးယားလိဂ်၏ ဝင်ငွေအကောင်းဆုံးကစားသမားမှာ တစ်နှစ်ပေါင် (၂၆.၈)သန်းရရှိသည့် စီရော်နယ်လ်ဒိုဖြစ်ပြီး လာလီဂါ၏ ဝင်ငွေအကောင်းဆုံးကစားသမားမှာ တစ်နှစ်ပေါင် (၂၈.၈)သန်းရရှိသည့် ဂါရတ်ဘေးလ်ဖြစ်သည်။
ဘွန်ဒစ်လီဂါ၏ ဝင်ငွေအကောင်းဆုံးကစားသမားမှာ တစ်နှစ်ပေါင်(၁၉.၅)သန်းရရှိသည့် လီဝန်ဒေါစကီးဖြစ်ပြီး ပြင်သစ်လီဂူး၏ ဝင်ငွေအကောင်းဆုံးကစားသမားမှာ နေမာ ဖြစ်ကြောင်း သိရသည်။