ချဲလ်ဆီး အသင်း ဟာ ယမန်နေ့ ညနေကပဲ ၎င်းတို့ကို ၁၈လကျော်ကြာ ကိုင်တွယ်လာခဲ့တဲ့ မန်နေဂျာ ဖရန့် လမ်းပတ် ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း တရားဝင် ကြေညာချက် ထုတ်ခဲ့ပါတယ် ။ ဒီမတိုင်ခင် ကတည်းက လမ်းပတ် ဟာ ရာထူးက ဖယ်ရှားခံရဖို့ ရေပန်းအစားဆုံး မန်နေဂျာ ဖြစ်ခဲ့ပါတယ် ။
အထူးသဖြင့် ပြီးခဲ့တဲ့ အပတ် ကြားရက်မှာ ကစားခဲ့တဲ့ လက်စတာ ကို ၂ – ၀ ရလဒ် နဲ့ အရေးနိမ့်ခဲ့အပြီးမှာ ချဲလ်ဆီး ဘုတ်အဖွဲ့ဝင်တွေဟာ လမ်းပတ် အပေါ် လုံးဝ စိတ်ကုန်သွားခဲ့တာ ဖြစ်ပါတယ် ။ တမြန်နေ့က ကစားခဲ့တဲ့ အက်ဖ်အေ ဖလား စတုတ္ထ အဆင့် လူတန်တောင်း နဲ့ ပွဲမှာ အနိုင်ရလဒ် စွမ်းဆောင်ပေးခဲ့တာကိုလည်း ချဲလ်ဆီး ဘုတ်အဖွဲ့မှ မငဲ့ကွက်ခဲ့ပါဘူး ။
ချဲလ်ဆီး အသင်း ဟာ လမ်းပတ် နေရာ အစားထိုးဖို့ အတွက် ခက်ခက်ခဲခဲ စဉ်းစားခဲ့ရတာ ဖြစ်ပြီး ၊ အဆုံးမှာ ယခင် ကလပ် ရဲ့ အထက် ပုဂ္ဂိုလ်တွေနဲ့ အဝေမတည့်ခဲ့တာတွေ ရှိဖူးတဲ့ ဒေါ့မွန် နဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း သောမတ်စ် တူချယ် ကို မန်နေဂျာသစ် ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။
နည်းပြ ဘဝ သက်တမ်း ၁၂ နှစ် အတွင်း ၊ ရာထူးမှ တခါမှ အထုတ်မခံခဲ့ရဖူးတဲ့ ၊ ဒီရာသီ စတမ်းဖို့ဒ်ဘရစ်ချ် မှာ လမ်းပတ် ကို ၁ – ၃ ရလဒ် နဲ့ အနိုင်ယူထားတဲ့ မန်စီးတီး နည်းပြ ပတ်ဂွာဒီယိုလာ ကတော့ ချဲလ်ဆီး နည်းပြ ရာထူးမှ အထုတ်ခံခဲ့ရတဲ့ လမ်းပတ် အတွက် အခုလိုပဲ ဝမ်းနည်းကြောင်း မက်ဆေ့ချ် ပေးပို့ခဲ့ပါတယ် ။
မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဂွာဒီယိုလာ က ” အသက်ငယ်တဲ့ မန်နေဂျာပဲဖြစ်ဖြစ် ၊ ဝါရင့် မန်နေဂျာပဲ ဖြစ်ဖြစ် ၊ ပရီးမီးယားလိဂ် ကလပ်တွေကို ကိုင်တွယ်ရင် နိုင်ပွဲတွေ စွမ်းဆောင်နိုင်ရပါမယ် ။ လူတွေက စီမံကိန်းတွေ ၊ အနာဂတ် အစီအစဉ်တွေ ၊ အိုင်ဒီယာတွေ အကြောင်း ပြောကြပါတယ် ။ တကယ်တမ်း ဒါမျိုးတွေ မရှိပါဘူး ။ ”
” ခင်ဗျား လုပ်ရမယ့် အလုပ်က အနိုင်ရအောင် စွမ်းဆောင်ပေးဖို့ ဖြစ်ပါတယ် ။ ဒီလိုမှ မဟုတ်ရင်တော့ ခင်ဗျား ရာထူးကနေ အထုတ်ခံရမှာပါ ။ ချဲလ်ဆီး အသင်း ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာလည်း ကျွန်တော် လေးစားမှု ရှိပါတယ် ။ ဒါပေမယ့် ဖရန့် အတွက် ကျွန်တော့ဖက်က ပေးနိုင်တာ က နွေးထွေးတဲ့ ပွေ့ဖက်မှုပါ ။ ”
” မကြာခင်မှာ သူ့ကို မန်နေဂျာ လောကမှာ ပြန်မြင်ရဖို့ မျှော်လင့်ပါတယ် ။ လော့ခ်ဒေါင်း ကာလ ပြီးသွားတဲ့အခါ စားသောက်ဆိုင် တဆိုင်မှာပဲ ဖြစ်ဖြစ် ၊ ကျွန်တော် သူနဲ့အတူ ထိုင်ပြီး စကားပြောချင်ပါသေးတယ် ။ သူဟာ ဒါဘီ အသင်း မှာ စွမ်းဆောင်ခဲ့တဲ့ မှတ်တမ်းကောင်း တွေကြောင့် ချဲလ်ဆီး အသင်း ကို ကိုင်တွယ်ခွင့် ရခဲ့တာ ဖြစ်ပါတယ် ။ ”
” ဒီလို မန်နေဂျာ တွေဟာ ဒီလို ရာထူးမျိုးတွေနဲ့ ထိုက်တန်မှု ရှိပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ရဲ့ အလုပ် ဟာ ပွဲရလဒ်တွေ အပေါ်မှာ မူတည်နေပါတယ် ။ ဒါဟာ ကျွန်တော် တို့ရဲ့ ကစားပုံ စတိုင်လ် နဲ့လည်း မဆိုင်သလို ၊ ကိုယ်ပိုင် ဘောလုံး အတွေးအခေါ် အယူအဆ ၊ တခြားသော စီမံကိန်း တွေနဲ့လည်း သက်ဆိုင်မှု မရှိပါဘူး ။ ”
” ခင်ဗျား မှာ လုပ်ရမယ့် တခုတည်းသော အလုပ် က ရလဒ်ကောင်း ရဖို့ပါပဲ ။ ဒီလိုမှ မဟုတ်ရင် ခင်ဗျား ဟာ တခြား မန်နေဂျာ တဦးဦး နဲ့ အစားထိုးခံလိုက်ရမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။