ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က Allianz Arena ကွင်းတွင် သက်တန့်ရောင်မီးထွန်းမည့်အစီအစဉ်ကို ကန့်ကွက်ခဲ့သော်လည်း မိမိတို့အနေဖြင့် LGBT များအား ကိုယ်စားပြုသည့် သက်တန့်ရောင်အပေါ် လေးစားမှုအပြည့်ရှိကြောင်း ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။
ဟန်ဂေရီနိုင်ငံတွင် လိင်တူချစ်သူများ ကလေးမွေးစားခြင်းကို ဥပဒေအရ ပိတ်ပင်ထားပြီး ယင်းအချက်ကိုကန့်ကွက်ကြောင်းပြရန်အတွက် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အုပ်စု(F) ပွဲစဉ်အဖြစ် ဂျာမနီနှင့် ဟန်ဂေရီတို့ ကစားခဲ့သည့် ဂျာမနီနိုင်ငံ၊ မြူးနစ်ရှိ Allianz Arena ကွင်းတွင် သက်တန့်ရောင်မီးထွန်းရန် စီစဉ်ခဲ့သည်။
သို့သော် ယင်းအစီအစဉ်ကို UEFA က ဘောလုံးတွင် နိုင်ငံရေးမစွက်ဖက်ရဆိုသည့် အကြောင်းပြချက်ဖြင့် ပိတ်ပင်ခဲ့သောကြောင့် ကမ္ဘာအနှံ့မှ LGBT အဖွဲ့အစည်းများက UEFA ကို ပြင်တင်ဝေဖန်ခဲ့ကြသည်။
ထို့ကြောင့် UEFA သည် ဇွန်လ (၂၃)ရက်တွင် ၎င်းတို့၏လိုဂိုတွင် LGBT ကို ကိုယ်စားပြုသည့် သက်တန့်ရောင် ပြောင်းလဲကာ ရှင်းလင်းချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
UEFA ၏ ထုတ်ပြန်ချက်တွင် ”UEFA အနေဖြင့် သက်တန့်ရောင်ကို ဂုဏ်ယူစွာ ဆင်မြန်းပါကြောင်း၊ ယင်းမှာ ယုံကြည်မှု၊ လူမျိုးရေး၊ လိင်ခွဲခြားမှုများမရှိဘဲ လူလူချင်းတန်းတူရှိရေးဝါဒကိုလိုလားသည့် မိမိတို့၏ ယုံကြည်မှုကိုပြသသည့် သင်္ကေတဖြစ်ကြောင်း၊ ဂျာမနီ-ဟန်ဂေရီပွဲတွင် သက်တန့်ရောင်မီးထွန်းရန် ကြိုးစားခဲ့ခြင်းမှာ နိုင်ငံရေးအရဖြစ်ခြင်းကြောင့် UEFA က ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သက်တန့်ရောင်မှာ UEFA အတွက် နိုင်ငံရေးအတွက်မဟုတ်ဘဲ လူအဖွဲ့အစည်းအတွက်သာဖြစ်ကြောင်း” ဖော်ပြပါရှိသည်။