အာဂျင်တီးနားလက်ရွေးစင်နှင့် PSG အသင်းတိုက်စစ်မှူး မက်ဆီသည် Laureus အကောင်းဆုံးဆုကို ဘောလုံးလောကမှ နှစ်ကြိမ်ရရှိသည့် ပထမဆုံးအားကစားသမားအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
အားကစားလောက၏ ဂုဏ်သိက္ခာအရှိဆုံးဆုများတွင် တစ်ခုအပါအဝင်ဖြစ်သော Laureus World Sports Awards ဆုပေးပွဲအခမ်းအနားကို မေလ ၈ ရက်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ပြုလုပ်ခဲ့ပြီး COVID-19 ကပ်ရောဂါကြောင့် Online ဖြင့် နှစ်နှစ်ကြာ ကျင်းပပြီးနောက် ယခုနှစ်တွင် အခမ်းအနားဖြင့် ပြန်လည်ကျင်းပခြင်းဖြစ်သည်။
မက်ဆီ သည် ၂၀၂၀ ခုနှစ်တွင်လည်း Laureus ၏ အကောင်းဆုံးအမျိုးသားအားကစားသမားဆုကို ဗြိတိန်နာမည်ကြီးဖော်မြူလာဝမ်းကားမောင်းသမား ဟာမီလ်တန်နှင့် ပူးတွဲရရှိခဲ့ဖူး ပြီး Laureus ဆုရရှိသည့် ပထမဆုံးဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ဖူးသည်။ ယခု ၂၀၂၃ ခုနှစ်တွင်မူ တစ်ဦးချင်းအကောင်းဆုံးဆုနှင့် အသင်းလိုက်ဆု(အာဂျင်တီးနား)ကိုပါ ရရှိသည့် ပထမဆုံးအားကစားသမားအဖြစ် ထပ်မံမှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
မက်ဆီက “ကျွန်တော့်ရဲ့ အသင်းဖော် အားလုံးကို ကျေးဇူးတင်ပါတယ်။ လက်ရွေးစင်အသင်းဖော်တွေတင်မဟုတ်ဘဲ PSG အသင်းဖော်တွေလည်း ပါပါတယ်။ ကျွန်တော် တစ်ဦးတည်းနဲ့ ဒီဆုကို မရနိုင်ပါဘူး။ အရာအားလုံးကို သူတို့နဲ့ မျှဝေခံစားချင်ပါတယ်။ ဒီဆုကို ကျွန်တော် မရခင်က Laureus တစ်နှစ်တာ အမျိုးသားအကောင်းဆုံးအားကစားသမားဆုရဖူးတဲ့ မယုံနိုင်လောက်စရာ ဂန္ထဝင်တွေရဲ့အမည်ကို ကြည့်ခဲ့ရတယ်။ ရှူးမေကာ၊ ဝုဒ်၊ နဒါးလ်၊ ဖက်ဒါရာ၊ ဘော့၊ ဟာမီလ်တန်နဲ့ ဂျိုကိုဗစ်ပေါ့။ ဒီမယုံနိုင်စရာ အစုအဖွဲ့ထဲကို ကျွန်တော် ရောက်လာခဲ့တယ်။ ဒီဆုဟာ အတုမရှိတဲ့ ဂုဏ်ယူစရာပဲဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ အမျိုးသားအကောင်းဆုံးဆုကို ဖက်ဒါရာက ငါးကြိမ်၊ ယူစိန်ဘော့နှင့် ဂျိုကိုဗစ်က လေးကြိမ်စီ၊ တိုက်ဂါးဝုဒ်၊ မိုက်ကယ်ရှူးမေကာ၊ နဒါးလ်နှင့် မက်ဆီက နှစ်ကြိမ်စီဖြင့် အများဆုံးရရှိထားကြသည်။
ယခုနှစ်ဆုပေးပွဲတွင် အကောင်းဆုံးအမျိုးသမီးအားကစားသမားဆုကို ဂျမေကာ အပြေးမယ် ရှယ်လီအန်းဖရေဆာပရိုက်စ်က ရရှိခဲ့သည်။ ဖရေဆာပရိုက်စ်သည် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ် ပြိုင်ပွဲ မီတာ ၁၀၀ ရွှေဆုအပါအဝင် သူ၏ စွမ်းဆောင်ရည်ကောင်းကြောင့် ယင်းဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ အတိုးတက်ဆုံးအားကစားသမားဆုကို စပိန် တင်းနစ်သမား ကားလို့စ်အယ်လ်ကာရက်ဇ်၊ Comeback ဆုကို ဒိန်းမတ်နှင့် မန်ယူကွင်းလယ်လူ အဲရစ်ဆင်၊ မသန်စွမ်းဆုကို ဆွစ်ဇာလန်ဘီးတပ်အပြေးမယ် ဒီဘရန်းနား၊ Action ဆုကို တရုတ်နွယ်ဖွား အမေရိကန်နှင်းလျှောစီးမယ် အီလင်းဂူ၊ Sport for good ဆုကို လီဝန်ဒေါစကီးတို့က ရရှိခဲ့ကြောင်းလည်း သိရသည်။