ဒေါ့မွန်အသင်းမှ နော်ဝေလူငယ်တိုက်စစ်မှူး ဟော်လန်းက သူ၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာမှာ ကမ္ဘာ့အကောင်းဆုံးအေးဂျင့် ဖြစ်သည်ဟု Golden Boy ဆုပေးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ ဟော်လန်းက ရိုင်အိုလာသည် ကမ္ဘာ့အကောင်းဆုံးအေးဂျင့်ဖြစ်ပြီး သူ့ကို အကူအညီများစွာ ပေးခဲ့ကြောင်း နှင့် ဆက်လက်လက်တွဲသွားလိုကြောင်း မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် ဟော်လန်းက သူ၏အနာဂတ်နှင့် ပတ်သက်ပြီး မေးမြန်းမှုကိုလည်း ယခုကဲ့သို့ တုံ့ပြန်ခဲ့သည်။ “ကျွန်တော့်ရဲ့ အနာဂတ်လား။ ဒေါ့မွန်အသင်းမှာ ကျွန်တော် ပျော်ရွှင်နေပါတယ်။ လူစီယန်ဖာ(မကြာသေးမီက ဒေါ့မွန် နည်းပြရာထူးမှ ထုတ်ပယ်ခံရသူ)နဲ့ ကောင်းမွန်တဲ့နှစ်တစ်နှစ်ကို ဖြတ်သန်းခဲ့ပြီး အဲဒီအတွက် သူ့ကို ကျေးဇူးတင်ပါတယ်။ Ballon d’Or ဆုရရှိဖို့က ကျွန်တော့်အိပ်မက်ပါ။ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ Golden Boy ဆုရလို့ ပျော်ပါတယ်”ဟု ဟော်လန်းက ပြောကြားခဲ့သည်။
ဟော်လန်းက ၎င်းမှာ နာမည်ကျော်တိုက်စစ်မှူးများဖြစ်သည့် အီဘရာဟီမိုဗစ်နှင့် စီရော်နယ်လ်ဒိုတို့၏ ညှို့ငင်ဖမ်းစားမှုကို ခံထားရသူဟု ဝန်ခံခဲ့ပြီး အေစီမီလန်အသင်းမှ နော်ဝေတောင်ပံတိုက်စစ်ကစားသမား ဟာအူဂျယ်ကိုလည်း ချီးကျူးမှုများ ပြုလုပ်ခဲ့သည်။
ဟော်လန်းသည် ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ ဖြင့် ဒေါ့မွန်အသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး လေးနှစ်ခွဲသက်တမ်းရှိစာချုပ် ချုပ်ဆိုထားသူဖြစ်သည်။