ချယ်လ်ဆီးနည်းပြ တူဟယ်လ်က အသင်းကွင်းလယ်ကစားသမား ကိုဗာချစ်သည် လက်စတာအသင်းနှင့်ကစားမည့် FA ဖလားဗိုလ်လုပွဲတွင် ပါဝင်ကစားနိုင်မည်ဟု အတည်ပြုပြောကြားခဲ့သည်။
ခရိုအေးရှားကွင်းလယ်လူ ကိုဗာချစ်သည် ဧပြီလ (၁၀)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ခရစ္စတယ်ပဲလေ့စ် (၁-၄) ချယ်လ်ဆီးပွဲတွင် ရရှိခဲ့သည့် တံကောက်ကြောဒဏ်ရာကြောင့် အသင်း၏ပြိုင်ပွဲစုံ ပွဲစဉ်(၉)ပွဲကို လွဲချော်ခဲ့ရသည်။
သို့သော် ယခုအခါ ကိုဗာဆစ်အနေဖြင့် ဒဏ်ရာမှပြန်လည်သက်သာလာပြီဖြစ်ပြီး ယနေ့ကစားမည့် လက်စတာနှင့်ပွဲတွင် ပါဝင်ကစားရန် အသင့်ရှိနေကြောင်း တူဟယ်လ်က ဆိုခဲ့ခြင်းဖြစ်သည်။
တူဟယ်လ်က “လက်စတာနဲ့ ကစားမယ့်ပွဲမှာ ကိုဗာချစ် ပါဝင်ကစားနိုင်မှာဖြစ်ပြီး ဒါက ကျွန်တော်တို့အတွက် အလွန်ကို အရေးပါပါတယ်။ ကိုဗာချစ်က အတွေ့အကြုံရော၊ စွမ်းအားရော ရှိတဲ့ကစားသမားဖြစ်ပြီး ပွဲကြီးတွေမှာ အကောင်းဆုံးကစားနိုင်သူပါ”ဟု ပြောကြားခဲ့သည်။
ထို့ပြင် တူဟယ်လ်က အာဆင်နယ်အသင်းအား (၀-၁)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲကို ခြေဖနောင့်ဒဏ်ရာကြောင့် လွဲချော်ခဲ့သည့် ကွင်းလယ်လူ ကွန်တေမှာလည်း ယနေ့ကစားမည့် လက်စတာနှင့်ပွဲတွင် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။