မန်ယူနောက်ခံလူ ဗာရန်းက FA ဖလား ဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည့် မန်ချက်စတာမြို့ခံပြိုင်ဘက် မန်စီးတီးတိုက်စစ်မှူး ဟော်လန်းကို မကြောက်ကြောင်း ပြောကြားခဲ့သည်။
အသက် ၂၂ နှစ်အရွယ်ရှိ ဟော်လန်း သည် ယခုရာသီ ပရီးမီးယားလိဂ်တွင် သွင်းဂိုး ၃၆ ဂိုးဖြင့် ရွှေဖိနပ်ဆုရရှိခဲ့သလို ယခုရာသီ ပြိုင်ပွဲစုံ ၅၁ ပွဲတွင် ၅၂ ဂိုးအထိ သွင်းယူထားသည်။ ထို့ပြင် ဟော်လန်းသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလက ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး (၆-၃) မန်ယူပွဲတွင် လည်း ဟက်ထရစ်(သုံးဂိုး) သွင်းယူနိုင်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် မန်ယူနောက်ခံလူ ဗာရန်းအနေဖြင့် ဟော်လန်းကို ထိန်းနိုင်ခဲ့ခြင်းမရှိသည့်အပြင် ပွဲချိန် ၄၀ မိနစ်တွင် ဒဏ်ရာရပြီး လင်ဒီလော့ဖ်နှင့် လူစားလဲခဲ့ရသည်။ သို့သော် ဗာရန်းက ယနေ့ကစားမည့် FA ဖလားဗိုလ်လုပွဲတွင် ဟော်လန်းနှင့်ပြန်လည်တွေ့ဆုံမည့် အပေါ် မကြောက်ကြောင်း သတင်းထောက်တစ်ဦး၏မေးခွန်းကို ပြန်ဖြေခဲ့ခြင်းဖြစ်သည်။

ဗာရန်းက “ဟော်လန်းကို ကြောက်လားဆိုတော့ မကြောက်ပါဘူး။ သူ့ကို ဘာကြောင့်ကြောက်ရမှာလဲ။ ဟုတ်ပါတယ်။ ဟော်လန်းက ကစားသမားကောင်းတစ်ယောက်ပါ။ ဒါကို ကျွန်တော်တို့အားလုံး သိပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းက နေရာစုံကနေ ပြိုင်ဘက်ကို ဒုက္ခပေးနိုင်တဲ့အသင်းပါ။ သူတို့ဟာ Set-piece တွေကနေ ဂိုးတွေသွင်းနိုင်တယ်။ ဘောလုံးကို ကိုင်ကစားရင်းနဲ့လည်း ဂိုးတွေသွင်းနိုင်တယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို အသင်းတစ်သင်းအနေနဲ့ တားဆီးနိုင်ဖို့ လိုပါတယ်။ အထူးသဖြင့် ဒီဘရိုင်းနားရဲ့ ပေးပို့မှုတွေက ကျွန်တော်တို့လို ခံစစ်ကစားသမားတွေကို အခက်တွေ့စေပါတယ်။ ဒါကြောင့် အဲဒီလိုဘောလုံးတွေကို တားဆီးနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ အသင်းလိုက် ကောင်းကောင်းကစားနိုင်ဖို့ လိုပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဗာရန်းက FA ဖလားဗိုလ်လုပွဲတွင် မိမိတို့အနေဖြင့် မန်စီးတီးအသင်းကို အနိုင်ရရန်အတွက် ယုံကြည်မှုက အရေးကြီးကြောင်းလည်းဆိုခဲ့သည်။ “ဘောလုံးမှာ အရေးအကြီးဆုံးအရာက ယုံကြည်မှုပါပဲ။ ဘောလုံးအသင်းတစ်သင်းအနေနဲ့ Form ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဒါကအရေးမပါဘူး။ အဓိကကတော့ စိန်ခေါ်မှုတွေကို လက်ခံပြီး အနိုင်ရအောင် ကြိုးစားဖို့ပါပဲ။ ကျွန်တော်တို့အနေနဲ့ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတာကို သိထားပါတယ်။ မန်စီးတီးကို အနိုင်ရဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ မိနစ် ၉၀ လုံးလုံး အကောင်းဆုံးကစားနိုင်ဖို့ လိုပါတယ်။ ပြီးတော့ တိုက်စစ်ကလည်း အခွင့်အရေး တစ်ကြိမ် ရရင် တစ်ဂိုးသွင်းနိုင်ဖို့ လိုပါတယ်”ဟု ဗာရန်း က ပြောကြားခဲ့သည်။