ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်ခဲ့သည့် FA ဖလား စတုတ္ထအဆင့်နှင့် ပဥ္စမအဆင့်ပွဲစဉ်များ ရေးဆွဲပွဲတွင် ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းနှင့် လီဗာပူးလ်အသင်း ထိပ်တိုက်တွေ့ဆုံပြီးနောက် ယခုရာသီ FA ဖလား ချန်ပီယံရေပန်းစားမှုတွင် မန်စီးတီးအသင်းက အခြားအသင်းများနှင့် အလေးပေးချက်ပိုမို ကွာဟကာ အပြတ်အသတ်ဦးဆောင်လျက်ရှိကြောင်း သိရသည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) သည် ပွဲစဉ်နှစ်ခုအတွက် မဲခွဲပွဲကို တစ်ပေါင်းတည်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်အသင်း အများစုမှာ အောက်တန်းအသင်းများနှင့်သာ ဆုံတွေ့ခဲ့သော်လည်း နာမည်ကြီးနှစ်သင်း ဖြစ်သည့် မန်ယူနှင့် လီဗာပူးလ်တို့ ထိပ်တိုက်တွေ့ခဲ့ခြင်းဖြစ်သည်။
အခြားသော ပရီးမီးယားလိဂ်အသင်း အချင်းချင်းဆုံတွေ့မှုမှာ ဖူလ်ဟမ် – ဘန်လေပွဲစဉ်သာရှိပြီး လက်ရှိ ချန်ပီယံနှင့် FAဖလား အအောင်မြင်ဆုံးဖြစ်သည့် အာဆင်နယ်အသင်းမှာမူ ဗိုင်းရပ်စ်ပြဿနာကြောင့် ပွဲရွှေ့ဆိုင်းထားသော ဆောက်သမ်တန်နှင့် ရှရူးဘူရီပွဲမှ အနိုင်ရသည့်အသင်းနှင့် အဝေးကွင်း ရင်ဆိုင်ရမည် ဖြစ်သည်။ မန်ယူနှင့် လီဗာပူးလ်နှစ်သင်းအနက် စတုတ္ထအဆင့်ကို ကျော်ဖြတ်နိုင်သည့် အသင်းမှာ ပဥ္စမအဆင့်၌ လည်း ပရီးမီးယားလိဂ်အသင်း ဖြစ်သည့် ဝက်စ်ဟမ်းအသင်းနှင့် ထပ်မံကစားရဖွယ်ရှိသည်။
မန်စီးတီးအသင်းသည် တတိယအဆင့် တွင် League Two ကလပ်ဖြစ်သည့် ချယ်လ်တင်ဟမ်အသင်းနှင့် တွေ့ဆုံနေပြီး ကျော်ဖြတ်နိုင်ခဲ့လျှင်လည်း ဆွမ်ဆီး-နော်တင်ဟမ်ပွဲမှ အနိုင်ရသည့်အသင်းနှင့် ထပ်မံတွေ့ဆုံရမည် ဖြစ်သောကြောင့် ချန်ပီယံရေပန်းစားမှု ပိုမို မြင့်တက်သွားခြင်းဖြစ်သည်။
ဗြိတိန်နာမည် ကြီးလောင်းကစားကုမ္ပဏီ Wiliam Hill ၏ အလေးပေးချက်တွင် မန်စီးတီးက ၉း၄ လေး ဖြင့် ထိပ်ဆုံး၌ရပ်တည်နေပြီး ချယ်လ်ဆီးက ၆း၁ လေး၊ စပါးက ရး၁ လေး၊ လီဗာပူးလ်က ၉း၁ လေး၊ မန်ယူက ၁၂း၁ လေး၊ လက်စတာ က ၁၄း၁ လေး၊ အဲဗာတန်က ၁၆း၁ လေး၊ အာဆင်နယ်က ၂ဝး၁ လေး ရှိနေကြသည်။