spot_img

COVID-19 ကြောင့် မန်စီးတီးအသင်း အားလပ်ရက်ရရှိခဲ့ခြင်းက အားသာချက်ဖြစ်စေကြောင်းယာဂန်ကလော့ပ်၏ သုံးသပ်မှုအပေါ် ဂွါဒီယိုလာ တုံ့ပြန်

COVID-19 ရောဂါ Positive တွေ့ရှိသဖြင့် မန်စီးတီးအသင်း အားလပ်ရက်ရရှိခဲ့ခြင်းမှာ အားသာချက်ဖြစ်စေကြောင်း ယာဂန်ကလော့ပ်၏ သုံးသပ်ပြောကြားမှုအပေါ် ဂွါဒီယိုလာက ပြန်လည်တုံ့ပြန်ခဲ့ပြီး ကလော့ပ်အား ယင်းကဲ့သို့လူစားမျိုးဟု မထင်ထားကြောင်း၊ ၎င်းထံမှ ယခုလိုကြားရမည်ဟု မထင်ထားကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်နှင့် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ အဖြစ် ယနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီတွင် အန်ဖီးလ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ လီဗာပူးလ်အသင်းသည် နောက်ဆုံး ကစားထားသည့် ပြိုင်ပွဲစုံ ၁၀ ပွဲတွင် သုံးပွဲသာ အနိုင်ရပြီး အဆင့် ၄ နေရာရောက်ရှိနေသော်လည်း မန်စီးတီးအသင်းမှာမူ ၁၃ ပွဲဆက် အနိုင်ရလဒ်ဖြင့် ထိပ်ဆုံးနေရာမှ ဦးဆောင်ခွင့်ရထားသည်။

myan789

မန်စီးတီးအသင်းသည် ကစားသမားများနှင့် ဝန်ထမ်းများတွင် COVID-19 ရောဂါ Positive တွေ့ရှိသဖြင့် Boxing Day အပြီး ဒီဇင်ဘာ ၂၈ ရက်တွင် ကစားရမည့် အဲဗာတန်နှင့်ပွဲကို ရွှေ့ဆိုင်းခဲ့ရ သောကြောင့် အားလပ်ရက်ရရှိခဲ့ခြင်းကို ယာဂန်ကလော့ပ်က ရည်ရွယ်ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့ဆီမှာ အားလပ်ချိန်တောင်မရှိပါဘူး။ စီးတီးကတော့ COVID ကြောင့် နှစ်ပတ်လောက် အနားရလိုက်တယ် လို့ ကျွန်တော်ထင်တယ်” ဟု ၎င်းက ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သို့ဖြစ်ရာ ကလော့ပ်၏သုံးသပ်မှုအပေါ် ဂွါဒီယိုလာက “သူမှားနေတာပါ။ အဲဒါ နှစ်လ၊ သုံးလလား။ မဟုတ်ပါဘူး။ တကယ်တော့ လေးလအနားရလိုက်တာပါ။ အဲဒါကြောင့် အခုလောလောဆယ် ကျွန်တော်တို့ ထိပ်ဆုံး နေရာရောက်နေတာပါ။ ပြက္ခဒိန်ကို သေချာ ပြန်ကြည့်သင့်တယ်။ ကျွန်တော်တို့ COVID ဖြစ်လို့ တစ်ပတ်နားရပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားသမား ၁၄ ယောက်တည်းနဲ့ ကစားခဲ့ရတာပါ။ ဒါပေမဲ့ ကျွန်တော်မှားတာလည်း ဖြစ်ကောင်းဖြစ်မှာပါ။ နှစ်ပတ်မဟုတ်ဘဲ သုံး၊ လေးပတ်လည်း ဖြစ်နိုင်တာပဲ။ တနင်္ဂနွေနေ့ကျ ယာဂန်နဲ့တွေ့ရင် အနားရလိုက်တာ ဘယ်နှပတ်လဲ၊ ဘယ်နှရက်လဲဆိုတာ ကျွန်တော် မေးမှာပါ။ ကျွန်တော် အံ့အားလည်းသင့်ပါတယ်။ ယာဂန်က ဒီလိုမန်နေဂျာမျိုးဖြစ်မယ်လို့ ကျွန်တော်မထင်ထားပါဘူး။ တခြားသူ တွေကတော့ ဒီလိုမျိုး အမြဲပြောနေ၊ လုပ်နေကျပါ။ သူ့ဆီကနေ ဒီလိုမှတ်ချက်မျိုးကြားရမယ်လို့ မမျှော်လင့်ထားပါဘူး။ ပရီးမီးယားလိဂ်မှာ ဘယ်သူမှ နှစ်ပတ်လောက် အနားမရပါဘူး။ သူက ဒီလိုလူစားမျိုးမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ လီဗာပူးလ်နဲ့ကစားရတဲ့ပွဲတိုင်းက အမြဲတမ်းခက်ခဲပါတယ်။ သူတို့ က ထိပ်တန်းကလပ်ဖြစ်ပြီး သမိုင်းအစဉ်အလာကြီးသလို ထိပ်တန်းကစားသမားနဲ့ မန်နေဂျာလည်းရှိပါတယ်” ဟု တုံ့ပြန်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular