ဂရင်းစလင်းချန်ပီယံဆု ၂၁ ကြိမ်ရရှိ ထားသည့် နာမည်ကြီး ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်က ယခုနှစ် ယူအက်စ်အိုးပင်းဂရင်းစလင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင် တော့မည်မဟုတ်ကြောင်း ကြာသပတေးနေ့က အတည်ပြုကြေညာခဲ့သည်။
ကမ္ဘာ့အဆင့် ၆ ကစားသမားဖြစ်သူ ဂျိုကိုဗစ်သည် COVID-19 ကာကွယ်ဆေး မထိုးထားရသေးသဖြင့် ယူအက်စ်အိုးပင်း ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခွင့်မရဘဲ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာမူဝါဒအရ အမေရိကန်နိုင်ငံသား မဟုတ်သူများအနေဖြင့် ကာကွယ်ဆေးမထိုးရသေးပါက ပြည်ဝင်ခွင့်ရမည်မဟုတ်ရာ ဂျိုကိုဗစ်အနေဖြင့် ယခုပြိုင်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဂျိုကိုဗစ် (၃၅ နှစ်) သည် ယခုနှစ်အတွက် ပထမဆုံးဂရင်းစလင်းပြိုင်ပွဲဖြစ်သည့် သြစတြေးလျအိုးပင်းပြိုင်ပွဲတွင်လည်း အလားတူ အခြေအနေကြောင့် ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရသလို သြစတြေးလျနိုင်ငံမှ ပြည်နှင်ဒဏ်ပေးခြင်းခံခဲ့ရသည်။
၎င်းသည် ယူအက်စ်အိုးပင်းအတွက် ပွဲစဉ်ရေးဆွဲမည့် ကြာသပတေးနေ့ နံနက်ပိုင်းအထိ ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားစာရင်းတွင် ပါဝင်နေသော်လည်း နုတ်ထွက်ကြောင်း Twitter မှတစ်ဆင့် အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။
“ဝမ်းနည်းစရာပါပဲ။ ဒီတစ်ကြိမ်မှာ ယူအက်စ်အိုးပင်းပြိုင်ပွဲအတွက် ကျွန်တော် နယူးယောက်ကို သွားလို့မရတော့ပါဘူး။ ကျွန်တော့်ကို ထောက်ခံအားပေးပြီး ချစ်ခင်ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကစားသမားတွေ ကံကောင်းကြပါစေ။ ကျွန်တော့်အနေနဲ့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်၊ ကောင်းမွန်တဲ့ပုံစံမှာ ဆက်ရှိနေမှာဖြစ်ပြီး နောက်တစ်ကြိမ် ယှဉ်ပြိုင်ခွင့်ရမယ့်အခွင့်အရေးကို စောင့်နေမှာပါ။ မကြာခင် တင်းနစ်လောကထဲမှာ ပြန်တွေ့ကြမယ်”ဟု ဂျိုကိုဗစ်က ရေးသားထားသည်။
ထို့ပြင် ယူအက်စ်အိုးပင်းပြိုင်ပွဲကျင်းပရေး ဒါရိုက်တာဖြစ်သူ အယ်လက်စတာက နိုဗက်(ဂျိုကိုဗစ်)မှာ ကြီးကျယ်ခမ်းနားသည့် ချန်ပီယံတစ်ဦးဖြစ်ကြောင်း၊ ယခုနှစ်ပြိုင်ပွဲတွင် ၎င်းမပါဝင်နိုင်သဖြင့် စိတ်မကောင်းဖြစ်ရကြောင်း၊ ၎င်းအနေဖြင့် အမေရိကန်နိုင်ငံသားမဟုတ်သူများအတွက် ချမှတ်ထားသည့် ကာကွယ်ဆေးမူဝါဒအရ နိုင်ငံအတွင်း ဝင်ရောက်ခွင့်မရခြင်းဖြစ်ကြောင်း၊ လာမည့်နှစ်တွင် ပြန်လည်မြင်တွေ့ခွင့်ရရန် မျှော်လင့်ကြောင်း ကြေညာချက်ထုတ်ပြန်၍ ပြောကြားသည်။
၁၄၂ ကြိမ်မြောက် ယူအက်စ်အိုးပင်းပြိုင်ပွဲကို သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၁၁ ရက်အထိ ရက်သတ္တပတ်နှစ်ပတ်ကြာ ကျင်းပမည်ဖြစ်သည်။