spot_img

Ballon D’Or ၇ကြိမ်မြောက်ရဖို့ ရေပန်းစားနေတဲ့ မက်ဆီ အပေါ် မှတ်ချက်ပေးရင်း ၊ ဘာကာ အသင်းသားသစ် ၂ဦးဆီက ဘာတွေ မျှော်လင့်ထားလဲ ဆိုတာ ဖွင့်ဟခဲ့တဲ့ ရော်နယ်ကိုးမန်း

ဘာစီလိုနာ အသင်းရဲ့ စူပါစတား လီယွန်နယ် မက်ဆီ က ပြီးခဲ့တဲ့ ဘောလုံး ရာသီက ကလပ် အသင်း အဆင့်မှာ အောင်မြင်မှု မရရှိခဲ့ပေမယ့် ၊ တဦးချင်း စွမ်းဆောင်ရည် အနေနဲ့ ပြိုင်ပွဲစုံ ၄၇ပွဲ ကစားခဲ့ရာမှာ ၃၈ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ် ။

နိုင်ငံ လက်ရွေးစင် အဆင့်မှာတော့ မက်ဆီ ဟာ ပြီးခဲ့တဲ့ ကိုပါ အမေရိက ပြိုင်ပွဲမှာ အာဂျင်တီးနား အသင်းနဲ့ အတူ ပထမဆုံး မေဂျာဖလားကို စတင် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ၊ ၂၀၂၁ ခုနှစ် အတွက် Ballon D’Or ဆုကို လက်ဝယ်ပိုင်ဆိုင်ဖို့ အတွက် ထိပ်ဆုံးကနေ ရေပန်းစားလာခဲ့ပါတယ် ။

myan789

ယခင်က Ballon D’Or ဆု ၆ဆု အထိ ဆွတ်ခူးထားတဲ့ မက်ဆီ ဟာ သမိုင်းတလျှောက် ဒီဆုနဲ့ ပတ်သက်ပြီး ပြိုင်ဖက်ကင်းဖြစ်နေသလို ၊ ၎င်းအနေနဲ့ ဒီနှစ် အတွက် ဆန်ကာတင်စာရင်းမှာ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီး နဲ့ ချန်ပီယံလိဂ်နဲ့ ယူရို အောင်မြင်မှု ရရှိထားတဲ့ ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို တို့လောက်သာ အနီးကပ် ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ် ။

ဘောလုံး ပရိသတ် အများစု ကတော့ ဒီနှစ် Ballon D’Or အတွက် မက်ဆီကိုသာ တစ် ပေးနေကြတာကြောင့် ၊ ၎င်းအနေနဲ့ နောက်ထပ် တကြိမ် ဆွတ်ခူးခဲ့မယ်ဆိုရင်လည်း အံ့သြစရာ မရှိနိုင်ပါဘူး ။ ဘာကာ နည်းပြ ရော်နယ်ကိုးမန်း ကတော့ ဒီနှစ် အတွက် Ballon D’Or ဆုကို မက်ဆီ ဟာ ထိပ်ဆုံးက ရေပန်းစားနေကြောင်းကို အခုလိုပဲ မှတ်ချက် ပြုခဲ့ပါတယ် ။

ကလပ် တရားဝင် ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့ရာမှာ ကိုးမန်း က ” ကိုယ်စားပြုတဲ့ အသင်းတွေ အတွက် အသင်းခေါင်းဆောင် အဖြစ်ရော ၊ ပုံမှန် ဂိုးသွင်း ၊ ဂိုးဖန်တီးမှုတွေ စွမ်းဆောင်ပေးထားလို့ လီယို ဟာ မရှိမဖြစ် အရေးပါတဲ့ ကစားသမား တယောက် ဖြစ်သလို ၊ တခြား အသင်းသားတွေ အတွက် စံပြလည်း ဖြစ်ပါတယ် ။ “

” ပြီးခဲ့တဲ့ ရာသီ အစပိုင်းဟာ သူ့အတွက် ခက်ခဲခဲ့ပေမယ့် ၊ ဂိုးပုံမှန် သွင်းပေးနိုင်တဲ့ ပုံစံကောင်း ကိုတော့ သူ ဆက်ထိန်းနိုင်ခဲ့ပါတယ် ။ ထပ်ခါတလဲလဲ သူဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဆိုတာ သက်သေပြနိုင်ခဲ့သလို ၊ ကိုပါ အမေရိက ဖလားကို သူ ဘယ်လောက် အထိ တပ်မက်သလဲ ဆိုတာလည်း ကျွန်တော် သိပါတယ် ။ “

” အဆုံးမှာတော့ ဒီဆန္ဒကို သူ ဖြည့်ဆည်းနိုင်ခဲ့ပါပြီ ။ ကြီးကျယ်တဲ့ ဘောလုံးရာသီ တခုကို ဖြတ်သန်းအပြီးမှာ လီယို ဟာ ဒီနှစ် Ballon D’Or အတွက် ထိပ်ဆုံးက ရေပန်းစားလာပါတယ် ။ ကျွန်တော့ အတွက်တော့ သူဟာ ဒီဆု ရဖို့ ရေပန်းအစားဆုံးပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ဘာစီလိုနာ အသင်း ဟာ ယင်း အသက် ၃၄နှစ် အရွယ် အာဂျင်တိုင်းသားကို နောက်ထပ် နှစ်ရှည် စာချုပ်ချုပ်ဆိုဖို့ ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ကာ ၊ မလိုအပ်တော့တဲ့ လစာများတဲ့ အသင်းသား တချို့ကိုလည်း အလျင်အမြန် ရှင်းထုတ်ဖို့ ကြိုးစားနေရပါတယ် ။

မက်ဆီကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အတွက် ၊ လာမယ့် ရာသီမှာ အားထားရနိုင်မယ်လို့ မျှော်မှန်းရတဲ့ အာဂျင်တိုင်း အသင်းဖော် ၊ မန်စီးတီး ဝါရင့် တိုက်စစ်မှူးဟောင်း ဆာဂျီယို အဂွေရိုနဲ့ နယ်သာလန် လက်ရွေးစင် လိုင်ယွန် တိုက်စစ်မှူးဟောင်း မမ်းဖစ် ဒီပိုင်း တို့ကို ဘာကာ ဟာ အလွတ် ပြောင်းရွှေ့ကြေးတွေနဲ့ အသီးသီး ခေါ်ယူနိုင်ခဲ့ပါတယ် ။

ဒီ ကစားသမားသစ် ၂ဦးနဲ့ ပတ်သက်ပြီးလည်း ကိုးမန်း က ” တိုက်စစ် အတွက် သွင်းဂိုးတွေ ပိုမို ရရှိဖို့ လိုနေလို့ ၊ ကွန် ( အဂွေရို ) ကို ခေါ်ယူနိုင်ခဲ့တာဟာ ကျွန်တော်တို့ အတွက် အရေးပါပါတယ် ။ သူဟာ အတွေ့အကြုံ ရင့်ကျက်တဲ့ ၊ ပြိုင်ဖက် ပင်နယ်တီ ဧရိယာ မှာ အရမ်း အန္တရာယ် ရှိတဲ့ ကစားသမား တယောက် ဖြစ်ပါတယ် ။ “

” အခု လောလောဆယ်မှာတော့ သူ့အနေနဲ့ ကြံ့ခိုင်မှု တိုးတက်ဖို့ အတွက် အရင် လုပ်ဆောင်ရမှာ ဖြစ်ပြီး ၊ ကျွန်တော် တို့ဟာ သူ့ကို အကောင်းဆုံး အနေအထားနဲ့ ရာသီသစ် ကို စတင်စေလိုပါတယ် ။ “

” မမ်းဖစ် အကြောင်း ကောင်းကောင်း သိထားခြင်း ဟာ ကျွန်တော့ အတွက် အရေးပါပါတယ် ။ သူလည်း ကျွန်တော် ဘယ်လို အလုပ်လုပ်တယ် ဆိုတာကို သိထားသလို ၊ သူဟာ အရည်အသွေးကောင်း များစွာ ပိုင်ဆိုင်ထားပါတယ် ။ သန်မာတယ် ၊ မြန်ဆန်တယ် ၊ သေချာပေါက် ကျွန်တော်တို့ အတွက် သူ အရာများစွာ ယူဆောင်လာပေးမှာပါ ။ “

” နောက်ပြီး သူဟာ တိုက်စစ်ရဲ့ နေရာစုံမှာ ကစားပေးနိုင်သလို ၊ ကစားသမား ဘဝရဲ့ အမြင့်မားဆုံး စွမ်းဆောင်ရည် ပြသနိုင်မယ့် အသက်အရွယ်ကိုလည်း ရောက်ရှိနေပါပြီ ။ လိုင်ယွန် အသင်းမှာ သူဟာ အတော်လေး တိုးတက်လာခဲ့သလို ၊ အသင်း ခေါင်းဆောင် တယောက်အနေနဲ့လည်း အတွေ့အကြုံ လုံလုံလောက်လောက် ပိုင်ဆိုင်ထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular