လီဗာပူးလ်အသင်း၏ တိုက်စစ်ကစားသမား ဆာလာက Ballon d’Or ဆုထက် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုသာ ပိုမိုရယူလိုသည်ဟု ပြောကြားခဲ့သည်။
ဆာလာသည် ယခုရာသီတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေသော လီဗာပူးလ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေသူ ဖြစ်ပြီး (၁၇)ဂိုးသွင်းယူထားသလို၊ ဂိုးဖန်တီးမှု(၁၃)ကြိမ် ပြုလုပ်ထားသည်။
ထို့ကြောင့် လက်ရှိပုံစံအတိုင်း ရှေ့ဆက်နိုင်ခဲ့ပါက ဘောလုံးလောက၏ နာမည်ကျော် ထူးချွန်ဆုတစ်ခုဖြစ်သည့် Ballon d’Or ဆုကို ရယူနိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုများ ရှိနေသည်။
အီဂျစ်လက်ရွေးစင်ကစားသမား ဆာလာသည် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု၊ PFA ၏ အကောင်းဆုံးကစားသမားဆု၊ FWA ၏ အကောင်းဆုံးကစားသမားဆုတို့ ရယူနိုင်ခဲ့သော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့
ချုပ်(FIFA)၏ အကောင်းဆုံးကစားသမားဆုနှင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ ချီးမြှင့်သည့် Ballon d’Or ဆုကိုမူ ရယူဖူးခြင်းမရှိသေးပေ။
ယခုရာသီတွင်မူ လက်ရှိခြေစွမ်းအရ Ballon d’Or ဆုကို မျှော်မှန်းနိုင်စွမ်းရှိနေပြီဖြစ်ပြီး လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့ပါက ၎င်းအနေဖြင့် သေချာပေါက်ရရှိလိမ့်မည်ဟု ထင်ကြေးပေးမှုများလည်း ထွက်ပေါ်လျက်ရှိသည်။
သို့ သော် ဆာလာက Sky Sports နှင့် တွေ့ဆုံရာတွင် ”ကျွန်တော် Ballon d’Or အကြောင်း တွေးမနေပါဘူး။ ကျွန်တော် ပရီးမီးယားလိဂ်ချန်ပီယံဆုပဲ ရချင်ပါတယ်။ အသင်းအတွက် ဆုဖလားတစ်ခုရဖို့ ကျွန်တော် အကောင်းဆုံးကြိုးစားသွားမှာပါ။ ကျွန်တော်တို့ကို အမီလိုက်ဖို့ ကြိုးစားနေတဲ့အသင်းတွေလည်း အများကြီးရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။