မန်စီးတီးအသင်း၏ စပိန်ကွင်းလယ်ကစားသမား ရိုဒရီက AS သတင်းစာမှ ချီးမြှင့်သည့် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးကစားသမားဆုရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
စပိန်အားကစားသတင်းစာ AS သည် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးကစားသမားဆုကို ရွေးချယ်ရာတွင် ရိုဒရီက နာမည်ကျော်များကို ကျော်ကာ ရရှိခဲ့ခြင်းဖြစ်သည်။
“AS က ချီးမြှင့်တဲ့ဆုကို လက်ခံရရှိတာဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာဆုလာဘ်တစ်ခုပါပဲ။ ကျွန်တော် ပြည်ပမှာ သွားကစားနေတာတောင် ကျွန်တော့်နိုင်ငံကလူတွေ ကျွန်တော့်ကို သတိရနေတဲ့အတွက်လည်း အလွန်စိတ်လှုပ်ရှားမိပါတယ်။ ကလပ်အသင်းအတွက် ရော လက်ရွေးစင်အသင်းအတွက်ပါ အကောင်းဆုံးလုပ်ဆောင်ပေးသွားနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ရိုဒရီက ဆိုခဲ့သည်။
ရိုဒရီသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက မန်စီးတီးအသင်းနှင့်အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နှင့် FA ဖလားတို့ကို ရယူနိုင်ခဲ့ပြီး အသင်းအတွက် အဓိက ကစားသမားအဖြစ် ပါဝင်ခြေစွမ်းပြခဲ့သူဖြစ်သည်။