ပြီးခဲ့သည့်ရောမဒါဘီပွဲစဉ်တွင် လာဇီယိုအသင်းကို ရိုးမားအသင်းက (၂-၀)ဂိုးဖြင့်အနိုင်ရရှိပြီးနောက် မော်ရင်ဟိုသည် လူမှုကွန်ရက်တွင် အောင်ပွဲခံခဲ့ကြောင်း သိရသည်။
လာမည့်ရာသီတွင် ရိုးမားအသင်းနည်းပြသစ်ဖြစ်လာမည့် မော်ရင်ဟိုသည် ရိုးမားအသင်း၏ Instagram တွင် Comment ရေးသား၍ အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟိုက ”ဂုဏ်ယူပါတယ် ရိုးမားအသင်းနဲ့ မစ္စတာဖွန်ဆီကာရေ၊ ကြီးကျယ်တဲ့နိုင်ပွဲပါပဲ။ ဒါဘီပွဲမှာ အနိုင်ရလို့ ကျွန်တော်လည်း စိတ်ကျေနပ်ရပါတယ်။ ကျွန်တော့်ရဲ့ စိတ်ကျေ နပ်မှုကို ပရိသတ်တွေသိအောင် မျှဝေချင်ပါတယ်။ ပရိသတ်တွေဟာ ကျွန်တော်တို့နဲ့ အမြဲတမ်းနီးနီးကပ်ကပ်ရှိနေပြီး ရောမဒါဘီအောင်ပွဲက လက်ဆောင်အဖြစ် ပရိသတ်တွေဆီ ပေးချင်တဲ့အရာပါ”လို့ ရေးသားခဲ့သည်။
ရောမဒါဘီပွဲစဉ်တွင် ရိုးမားအတွက် အနိုင်ဂိုးများကို ကွင်းလယ်လူ မစ်ခီတာရီယန်နှင့် ပတ်ဒရိုတို့က သွင်းယူခဲ့ကြောင်း သိရသည်။
ရိုးမားအသင်းသည် မော်ရင်ဟိုကို လာမည့်ရာသီမှစတင်ပြီး (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်ထားခြင်းဖြစ်သည်။
မော်ရင်ဟိုသည် နည်းပြဘဝတွင် ဆုဖလား(၂၅)လုံးအထိ ရယူထားသော်လည်း နောက်ဆုံးကိုင်တွယ်သည့် စပါးအသင်းတွင် ဆုဖလားတစ်လုံးမျှမရရှိခဲ့ကြောင်း သိရသည်။