ဂျူဗင်တပ်စ်အသင်းနည်းပြ ပီယာလို နှင့် တိုက်စစ်မှူး စီရော်နယ်လ်ဒိုတို့၏အနာဂတ်နှင့်ပတ်သက်ပြီး လက်ရှိတွင် ကောလာဟလများစွာ ထွက်ပေါ်လျက်ရှိသော်လည်း အသင်း၌ဆက်ရှိနေမည်ဟု ဒုဥက္ကဋ္ဌဖြစ်သူ နက်ဗက်က ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီအတွင်း စီးရီးအေပြိုင်ပွဲ၌ ချန်ပီယံဆုလက်လွှတ်ခဲ့ရပြီးဖြစ်သလို၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် မသေချာတော့သည့်အနေအထားသို့ ရောက်ရှိနေသောကြောင့် နည်းပြ ပီယာလို နှင့် လမ်းခွဲတော့မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး စီရော်နယ်လ်ဒိုမှာလည်း အသင်း၏ လက်ရှိအခြေအနေကြောင့် စိတ်ပျက်လျက်ရှိကာ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးသော်လည်း ယခုနွေရာသီတွင် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု မီဒီယာအချို့က ဖော်ပြခဲ့သည်။
“ပီယာလိုနဲ့ ရော်နယ်လ်ဒိုက ဂျူဗင်တပ်စ်အသင်းမှာ ဆက်ရှိနေပါလိမ့်မယ်။ အခုချိန်မှာ အခက်အခဲတချို့ရှိနေပေမဲ့ ကျွန်တော်တို့ အဆုံးသတ်ချိန်အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်” ဟု နက်ဗက်က Strisica Ia Notizia ရုပ်သံသို့ ပြောကြားခဲ့သည်။
Goal.com ၏ရေးသားမှုတွင် ဂျူဗင်တပ်စ်အသင်းအနေဖြင့် ယခုရာသီကုန်အထိ နည်းပြအပြောင်းအလဲပြုလုပ်ရန် အစီအစဉ်မရှိဟု ဖော်ပြထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်နှင့် ဗိုလ်လုပွဲရောက်ရှိနေသည့် ကိုပါအီတာလီယာ ချန်ပီယံဆုကို အရယူနိုင်ခဲ့လျှင် ပီယာလို ကို ထပ်မံအခွင့်အရေးပေးဖွယ်ရှိကြောင်း သိရသည်။
ပီယာလို၏စာချုပ်သက်တမ်းမှာ တစ်နှစ်ကျန်ရှိနေပြီး အီတလီမီဒီယာအချို့ကမူ သူ၏နေရာတွင် အသင်းနည်းပြဟောင်း အယ်လီဂရီနှင့် အစားထိုးဖွယ်ရှိသည်ဟု ဖော်ပြနေကြသည်။ စီရော်နယ်လ်ဒိုမှာလည်း အသင်းဟောင်း ရီးယဲလ်၊ မန်ယူတစ်သင်းသင်း သို့မဟုတ် မေဂျာလိဂ်သို့ သွားရောက်ကစားဖွယ်ရှိသည်ဟု သတင်းထွက်နေသည်။ ဂျူဗင်တပ်စ်အသင်းသည် လက်ရှိတွင် စူပါလိဂ်ပြဿနာကြောင့် စီးရီးအေပြိုင်ပွဲမှ ထုတ်ပယ်ခံရနိုင်သည့် ပြဿနာနှင့်လည်း ရင်ဆိုင်နေရသည်။
အီတလီ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာက ဂျူဗင်တပ်စ်အသင်းအနေဖြင့် အီတလီဘောလုံးလောကနှင့် စည်းမျဉ်းစည်းကမ်းများကို လေးစားမှုမရှိဘဲ ဥရောပစူပါလိဂ်ပြိုင်ပွဲမှ နုတ်ထွက်ခြင်းမပြုပါက စီးရီးအေပြိုင်ပွဲမှ ထုတ်ပယ်ခံရနိုင် ကြောင်း သတိပေးပြောကြားခဲ့သည်။ ဥရောပစူပါလိဂ်ပြိုင်ပွဲမှ ကိုးသင်းနုတ်ထွက်ခဲ့သော်လည်း ဂျူဗင်တပ်စ်မှာ ရီးယဲလ်၊ ဘာစီလိုနာတို့ နှင့်အတူ နုတ်ထွက်ခြင်းမပြုသေးပေ။