လာမည့်ရာသီ ဂျူဗင်တပ်စ်အသင်းနည်းပြသစ်အဖြစ် ဇီဒန်းနှင့် ဂတ်တူဆိုတို့ ရေပန်းစားနေကြောင်း သိရသည်။
Tuttosport ၏ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းသည် လက်ရှိရာသီကုန်ဆုံးချိန်၌ နည်းပြ ပီယာလိုကို ရာထူးမှထုတ်ပယ်ရန် သေချာသလောက်ရှိနေပြီး ရီးယဲလ်နည်းပြ ဇီဒန်းနှင့် နာပိုလီနည်းပြ ဂတ်တူဆိုတို့ နှစ်ဦးထဲမှတစ်ဦးဖြင့် အစားထိုး သွားရန်စီစဉ်နေကြောင်း သိရသည်။
မူလက လာမည့်ရာသီတွင် ဂျူ ဗင်တပ်စ်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ပါက ပီယာလို၏ရာထူး တည်မြဲဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့ သော်လည်း ယခုအခါ ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူများသည် လက်ရှိရာသီကုန်ဆုံးချိန်တွင် ဂျူဗင်တပ်စ်အသင်း၏ ရလဒ်များအား ထည့်သွင်းစဉ်းစားတော့မည်မဟုတ်ဘဲ နည်းပြသစ်ခန့်အပ်ရန်သာ ဆန္ဒရှိနေခြင်း ဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌ အက်ဂ်နယ်လီသည် ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် ကာလရှည်စိတ်ဝင်စားလာခဲ့ခြင်းဖြစ်သည်။
လက်ရှိရာသီတွင် ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ်မှ ထွက်ခဲ့ရသလို၊ လာလီဂါချန်ပီယံဆုကိုလည်း ကာကွယ်နိုင်ရန် မသေချာသေးသည့်အနေအထား ဖြစ်ပေါ်နေသည်။
ထို့ကြောင့် ရာသီကုန်ဆုံးချိန်တွင် ဆုဖလားလက်မဲ့ဖြစ်ခဲ့ပါက ဇီဒန်းအား ရာထူးမှ ထုတ်ပယ်ဖွယ်ရှိနေသည်။
ဇီဒန်းသည် ရီးယဲလ်အသင်းနှင့် ချုပ်ဆိုထားသည့်စာချုပ်ထဲတွင် အသင်းမှ ထွက်ခွာခွင့်ရှိသည့် သဘောတူညီချက်ကို ထည့်သွင်းထားကြောင်းလည်း သိရသည်။