ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များသည် ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲအပြီး၌ အသင်းဖော်ဟောင်းများနှင့် ရယ်မောပျော်ရွှင်နေသည့် အသင်း၏ တောင်ပံကစားသမား ဟာဇက်အပေါ် ဒေါသထွက်နေကြကြောင်း သိရှိရသည်။
ဟာဇက်သည် စတမ်းဖို့ဒ်ဘရစ်ချ်မှ ပွဲစဉ်အပြီးတွင် အသင်းဖော်ဟောင်းများနှင့် ရယ်မောခြင်း၊ နောက်ပြောင်ခြင်းများ ပြုလုပ်ခဲ့ပြီး၊ ဟာဇက်နှင့် ချယ်လ်ဆီးနောက်ခံလူ ဇူးမားတို့၏ ပုံကို Marca သတင်းစာက ချက်ချင်းတင်ပြခဲ့သည်။
“မက်ဒရစ်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကထွက်ခဲ့ရတဲ့ အချိန်မှာ မြင်ရတဲ့ ဟာဇက်ရဲ့ပုံ” ဟု ခေါင်းစဉ်တပ်ခဲ့ပြီး ပရိသတ်များသည် ယင်းအတွက် ဟာဇက်အပေါ် ဒေါသထွက်ခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်တစ်ဦးက “ဟာဇက်က ရီးယဲလ်မက်ဒရစ်အပေါ် လုံးဝဂရုစိုက်မှု မရှိတဲ့သူပဲ”ဟု ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့ပြီး၊ အခြားပရိသတ်တစ်ဦးကလည်း “အသင်းက ပြိုင်ပွဲက ထွက်ခွာခဲ့ရချိန်မှာ ဟာဇက်ရဲ့ တုန့်ပြန်ပုံကို ကြည့်ပါဦး” ဟုဆိုကာ ဟာဇက်နှင့် ဇူးမားတို့ ပုံကိုတင်ကာ Twitter တွင် ရေးသားခဲ့သည်။
ချယ်လ်ဆီးပရိသတ်တစ်ဦးကမူ “ဒီပုံတွေကို ကြည့်နေရင်း ဟာဇက်ကို ပြန်လာစေချင်ပါတယ်”ဟု ရေးသားထားသည်ကို တွေ့ရသည်။
ဟာဇက်သည် ရီးယဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ပြီးကတည်းက ဒဏ်ရာများနှင့် ရုန်းကန်နေရပြီး၊ ခြေစွမ်းပျောက်ဆုံးနေသူဖြစ်သည်။