PSG အသင်းတိုက်စစ်မှူး နေမာက မန်စီးတီးနှင့်ပွဲတွင် စစ်သည်တော်တစ်ဦးကဲ့သို့ ရင်ဆိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အသက်စွန့်ရလျှင်ပင် အစွမ်းကုန် ကြိုးစားသွားမည် ဖြစ်ကြောင်း ကတိပြုပြောကြားသည်။
PSG အသင်းသည် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့အဖြစ် ယနေ့ (အင်္ဂါ နေ့)တွင် မန်စီးတီးအသင်းနှင့် အဝေးကွင်းသွားရောက်ကစားရမည်ဖြစ်သည်။
PSG အသင်းအနေဖြင့် ပထမအကျော့အိမ်ကွင်းပွဲတွင် မန်စီးတီးအသင်းအား (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ထားသောကြောင့် ဗိုလ်လုပွဲတက်ရောက်ရန်အတွက် မဖြစ်မနေ ပြန်လည်အနိုင်ရရန် လိုအပ်နေသည်။
သို့ဖြစ်ရာ နေမာက ”မန်ချက်စတာစီးတီးနဲ့ကစားရတဲ့ ပထမအကျော့ပွဲက ကျွန်တော်တို့အတွက် အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ယုံကြည်မှု ရှိပါတယ်။ အချက်အလက်တွေကပြောတာ၊ ကျွန်တော်တို့အတွက် နိုင်ပွဲရဖို့ ရာခိုင်နှုန်းဘယ်လောက်ရှိတယ်ဆိုတာတွေကို စိတ်ထဲထားမနေပါနဲ့။ ပါရီမြို့သားအားလုံး ကျွန်တော်တို့ကို ယုံကြည်ထားသင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်က ရှေ့တန်းမှာ အသင်းအတွက် တိုက်ပွဲဝင်မယ့် ပထမဆုံးစစ်သည်တော်တစ်ယောက်ပါ။ ဘာပဲဖြစ်ဖြစ် နောက် တစ်ဆင့်တက်ရောက်နိုင်ဖို့အတွက် ဘာမဆို ကျွန်တော်လုပ်သွားမှာပါ။ ကွင်းထဲမှာ ကျွန်တော်တို့ အသက်ပေးဖို့လိုတယ်ဆိုရင်တောင် ပေးဆပ်သွားမှာပါ”ဟု ပြောကြားသည်။
ထို့ပြင် ပွဲစဉ်များ ဆက်တိုက်ကစားနေရသောကြောင့် စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနေပြီဖြစ်ကြောင်း နေမာက ဆက်လက်ပြောကြားသည်။
”အသင်းမှာရှိတဲ့သူ အများစုက ပင်ပန်းနေကြပါပြီ။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းတာထက် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းတာပါ။ ကျွန်တော်တို့ တတ်နိုင်သမျှ အမြန်ဆုံး ပြန်ကောင်းလာအောင်လုပ်ဖို့ လိုပါတယ်”ဟု ၎င်းက ဆိုသည်။
PSG အသင်းသည် ၂၀၁၉-၂၀၂၀ ရာသီတွင်လည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ရာ ယနေ့ကစားမည့်ပွဲတွင် မန်စီးတီးအသင်းအား ကျော်ဖြတ်နိုင်ခဲ့ပါက ဗိုလ်လုပွဲသို့ နှစ်ကြိမ်ဆက်တိုက် တက်ရောက်ခွင့်ရမည်ဖြစ်သည်။
PSG အသင်းသည် ယခု ရာသီတွင် ဖလားသုံးလုံးရရှိနိုင်မည့်လမ်းကြောင်းပေါ်ရောက်နေသော်လည်း ပြိုင်ပွဲအားလုံးတွင် နောက်ဆုံးအချိန်အထိ ရုန်းကန်ရဖွယ်ရှိနေသည်။
လီဂူး-၁ ပြိုင်ပွဲ၌ လက်ကျန်သုံးပွဲအလိုတွင် ဇယားထိပ်ဆုံးမှ လိုင်လီအသင်းကို တစ်မှတ်အကွာဖြင့် ဒုတိယနေရာမှ ဖိအားပေးနေပြီး ပြင်သစ်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင်လည်း မောင့်ပယ်လီယာအသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်ကြောင်း သိရသည်။