မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ၀ါရင့်တိုက်စစ်မှူး ကာဗာနီအား အသင်းတွင် နောက်ထပ်တစ်ရာသီ ဆက်နေစေလိုကြောင်း ပြောကြားခဲ့သည်။
အသက် (၃၄)နှစ်အရွယ်ရှိ ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် PSG အသင်းမှ မန်ယူအသင်းသို့ တစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည်ဆိုသောအချက်ပါ ပါဝင်သည်။
ထို့ကြောင့် မန်ယူအသင်းသည် ကာဗာနီအား တစ်နှစ်စာချုပ်သက်တမ်းတိုးရန် ကြိုးစားနေသော်လည်း ကစားသမားဘက်က မဆုံးဖြတ်ရသေးကြောင်း သိရသည်။
ဆိုးလ်ရှားက “ကျွန်တော့်သဘောထားကို သူ(ကာဗာနီ) သိပါတယ်။ ကျွန်တော့်အနေနဲ့ သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်တယ်ဆိုတာကိုလည်း သူ သိပါတယ်။ ကာဗာနီဟာ ဂိုးသွင်းကောင်းသလို၊ အသင်းဖော်တွေအတွက် နေရာလွှတ်တွေ ရှာပေးတဲ့နေရာမှာလည်း အရမ်းကောင်းပါတယ်။ ကာဗာနီအနေနဲ့ အသင်းမှာ နောက်ထပ်တစ်ရာသီ ဆက်ရှိဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်”ဟု ပြောကြားခဲ့သည်။
ကာဗာနီသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၂၂)ပွဲတွင် (၇)ဂိုး သွင်းယူထားသည်။