မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက ချန် ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် PSG အသင်းကို အနိုင်ရရှိခဲ့သော်လည်း နေမာ၊ ဘာပေ၊ ဒီမာရီယာ တို့လို ပြိုင်ဘက်များနှင့် ရင်ဆိုင်ရသည်မှာ အလွန်ခက်ခဲကြောင်းနှင့် ဒုတိယအကျော့တွင် ဘာမဆိုဖြစ်သွားနိုင်သေးကြောင်း ပြောကြားခဲ့သည်။
“တစ်ခါတလေမှာတော့ အခြေအနေကို သက်သောင့်သက်သာဖြစ်အောင် လုပ်နိုင်ဖို့လိုပြီး၊ ဒါကို ကိုယ်တိုင်လုပ်ရပါတယ်။ ပထမပိုင်းက ပုံမှန်ပါပဲ။ ဘောလုံးကို အလွယ်တကူ မဆုံးရှုံးချင်ဘူး။ ဒါကြောင့် ကစားရတာ မလွတ်လပ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဖိအားပေးတဲ့ပုံစံကို နည်းနည်းလေး အပြောင်းအလဲလုပ်လိုက်တယ်။ နောက်ပိုင်း ကျွန်တော်တို့ ပိုပြီးအားကောင်းလာတယ်။ နေမာ၊ ဘာပေ၊ ဒီမာရီယာတို့လို ကစားသမားတွေနဲ့ ရင်ဆိုင်ရတာ တကယ်မလွယ်ကူပါဘူး။ ကျွန်တော်တို့ဟာ ချေပဂိုးရရှိခဲ့ပြီး နောက်ထပ် ဂိုးတစ်ဂိုးလည်း ရရှိခဲ့ပါတယ်။ အစောပိုင်းမှာ ကျွန်တော်တို့ မှန်ကန်တဲ့အနေအထားမှာ မရှိခဲ့ဘူး။ ဒီအသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ အတွေ့အကြုံလည်း နည်းပါတယ်။ ချေပဂိုးက ကျွန်တော်တို့ကို အကူအညီဖြစ်စေခဲ့ပြီး ဒုတိယပိုင်းကစားပုံက အရမ်းကောင်းပါတယ်။ ဒေါ့မွန်နဲ့ပွဲတုန်းက ကျွန်တော်တို့ ဂိုးစပေးခဲ့ရပြီး၊ ဂိုးတွေ ပြန်သွင်းနိုင်ခဲ့သလို၊ ဒီနေ့လည်း အတူတူပါပဲ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ လိုချင်တဲ့အတိုင်း ကစားနိုင်ခဲ့ပါတယ်။ ဒီအတွက် ကျွန်တော် အရမ်းကျေနပ်ပေမဲ့ အခုအချိန်အထိ ပွဲကတစ်ဝက်ပဲပြီးပါသေးတယ်။ မိနစ် (၉၀) ထပ်ကစားရဦးမှာပါ။ ဒါကြောင့် ဒုတိယအကျော့မှာ ဘာမဆိုဖြစ်သွားနိုင်ပါသေးတယ်”ဟု ဂွါဒီယိုလာက ဆိုခဲ့ သည်။
PSG အသင်း၏ နည်းပြဖြစ်သူ ပိုချက်တီနိုကမူ “ပွဲမှာ မတူညီတဲ့ အပိုင်းနှစ်ပိုင်းရှိခဲ့တယ်။ ပထမပိုင်းမှာ ကျွန် တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ မန်စီးတီးလိုအသင်းကို ဒုတိယပိုင်းမှာ ဒီအတိုင်းဆက်လုပ်နိုင်ဖို့ဆိုတာ တော်တော်လေးခက်ခဲပါတယ်။ ကျွန်တော်တို့ရဲ့ ဦး ဆောင်ဂိုးက ထိုက်တန်ပေမဲ့ မန်စီးတီးက ပိုကောင်းခဲ့ပါတယ်။ သူတို့ရဲ့ဂိုးတွေက အမှတ်မထင်ဆိုပေမဲ့ သူတို့က အခွင့်အရေးတွေ ပိုဖန်တီးနိုင်ခဲ့ပါတယ်”ဟုဆိုခဲ့သည်။