ဘိုင်ယန်မြူးနစ်အသင်း၏ကွင်းလယ်လူ ကင်မစ်ချ်က အသင်းမှ ထွက်ခွာပြီးသည့်နောက် ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ရန် စီစဉ်နေခြင်းသည် မှန်ကန်သည့် ခြေလှမ်းတစ်ခုဖြစ်ကြောင်း အသင်းဖော် အလာဘာအား အားပေးပြောကြားခဲ့သည်။
အလာဘာသည် ဘိုင်ယန်မြူးနစ်ထံမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခဲ့ပြီး ရီးယဲလ်မက်ဒရစ်သို့ (၅) နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့မည်ဟု သတင်းထွက်နေပြီး ကင်မစ်ချ်က “သူက ဘိုင်ယန်မြူးနစ်မှာ အောင်မြင်မှုများစွာ ရရှိခဲ့သူပါ။ Triple အောင်မြင်မှု နှစ်ကြိမ်အပါအဝင် မရေတွက်နိုင်တဲ့ ဆုတံဆိပ်တွေနဲ့ တစ်ရာသီအတွင်း ဖလား (၆)လုံးအောင်မြင်မှုတွေလည်း ယူခဲ့ပြီးပါပြီ။ ဒီလိုကစားသမားမျိုးအတွက် ရီးယဲလ်မက်ဒရစ်လိုအသင်းမျိုးကပဲ ထိုက်တန်ပါတယ်။ ဘိုင်ယန်မြူးနစ်လိုအသင်းမျိုးမှာ ကစားပြီးပြီဆိုရင် နောက်ထပ် ဆက်လှမ်းစရာ ခြေလှမ်းတွေ သိပ်မရှိတော့ပါဘူး။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်ကတော့ ဒီလို ခြေလှမ်းဆက်ဖို့အတွက် သင့်တော်တဲ့အသင်းမျိုးပါ။ ဒီအပြောင်းအရွှေ့ အတွက် ကျွန်တော်ဝမ်းသာပါတယ်” ဟု ပြောကြားခဲ့သည်။
အလာဘာသည် ဘိုင်ယန်မြူးနစ်အသင်းတွင် ၂၀၀၈ ခုနှစ်ကတည်းက စတင်ကစားလာခဲ့သူဖြစ်ပြီး (၁၃)နှစ်တာ ကစားသမားဘဝတစ်လျှောက်တွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် စုစုပေါင်း (၄၂၇)ပွဲကစားကာ (၃၃) ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင်း သိရှိရသည်။