ဘာစီလိုနာဥက္ကဋ္ဌသစ်ဖြစ်သူ လာပေါ်တာက အသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သည့် လီယွန်နယ်မက်ဆီအား အသင်းတွင်ဆက်ရှိစေရန် မိမိတို့အားလုံး စွမ်းဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအပြီးတွင်ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီသည် ယခုရာသီကုန်တွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအချိန်အထိ စာချုပ်သစ်အတွက်ဆွေးနွေးမှုမှာ အောင်မြင်မှုမရှိသေးသောကြောင့် အသင်းမှထွက်ခွာရန် သတင်းများထွက်ပေါ်နေသူဖြစ်သည်။
ဘာစီလိုနာအသင်း၏ လာမာစီယာအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနှင့်အတူ သွင်းဂိုးစံချိန်၊ ဆုဖလားစံချိန်နှင့် ပွဲအများဆုံးစံချိန်များကို တင်ရှိထားသူမက်ဆီအား ဘာစီလိုနာအသင်းတွင်ဆက်ရှိစေရန် ပရိသတ်များမှ အလိုရှိနေသလို၊ ဘာစီလိုနာအသင်း ဥက္ကဋ္ဌဖြစ်သူ လာပေါ်တာအနေဖြင့်လည်း ၄င်း၏တစ်ကျော့ပြန် ဥက္ကဋ္ဌသက်တမ်းတွင် မက်ဆီအား စာချုပ်သစ်ချုပ်ဆိုနိုင်ရန် မျှော်လင့်နေသူဖြစ်သည်။
ဘီလ်ဘာအိုအသင်းအား (၄-၀)ဂိုးဖြင့်အနိုင်ရခဲ့သည့် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအပြီးတွင် မက်ဆီသည် ဘာစီလိုနာအသင်းခေါင်းဆောင်ဘဝ ပထမဦးဆုံး ချန်ပီယံဆုဖလားကိုကိုင်မြှောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းပွဲအပြီးတွင် မက်ဆီအနေဖြင့် ဘာစီလိုနာအသင်းတွင် ဆက်ရှိနေလိမ့်မည်ဖြစ်ကြောင်း ထင်ကြေးများလည်း ထွက်ပေါ်လာခဲ့သည်။
မက်ဆီ၏အနာဂတ်နှင့်ပတ်သက်ပြီး လာပေါ်တာက ”မက်ဆီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားတစ်ဦးပါ။ ကျွန်တော်တို့အနေနဲ့ သူအသင်းမှာ ဆက်ရှိဖို့ စွမ်းဆောင်နိုင်မယ်လို့ထင်ပါတယ်” ဟု Telecinco နှင့်အင်တာဗျူးတွင်ဖြေကြားခဲ့သည်။
ထို့ပြင် အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းကလည်း ယခုဆုဖလားမှာ မက်ဆီအတွက်အရေးကြီးပြီး မက်ဆီအသင်းမှာ ဆက်ရှိစေရန်အတွက် မိမိတို့အားလုံးအလိုရှိနေကြောင်း ပြောကြားခဲ့သည်။
ရော်နယ်လ်ကိုးမန်းက ”မက်ဆီဟာ ချန်ပီယံလူသားတစ်ဦးပါ။ ကျွန်တော်တို့အနေနဲ့ အသင်းရဲ့ကစားသမားတွေအားလုံးအကြောင်းကိုပြောဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ သူတို့ဟာ ချန်ပီယံဆုကိုရယူနိုင်ခဲ့ကြလို့ပါ။ ဒါပေမဲ့ မက်ဆီရဲ့အခြေအနေက တော့ ခြားနားပါတယ် (စာချုပ်သစ်ကိစ္စအားရည်ညွှန်း)။ ကျွန်တော်တို့အားလုံး သူ (မက်ဆီ) ဒီနေရာမှာ (ဘာစီလိုနာ)မှာ ဆက်ရှိဖို့ အလိုရှိပါတယ်” ဟုပြောကြားခဲ့သည်။
မက်ဆီသည် အသက် (၁၇)နှစ်အရွယ် ၂၀၀၄-၀၅ ရာသီတွင် ဘာစီလိုနာအသင်းနှင့်အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ အသင်းအတွက် ပြိုင်ပွဲစုံ (၇၇၁)ပွဲကစားကာ၊ (၆၆၅)ဂိုးအထိသွင်းယူထားနိုင်ကြောင်း သိရသည်။