ချယ်လ်ဆီးအသင်း၏ ဘရာဇီးလ်ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားသည် အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် အလိုရှိနေကြောင်း သိရှိရသည်။
အသက် (၃၆)နှစ်အရွယ်ရှိ သီယာဂိုဆေးလ်ဗားသည် ၂၀၂၀ နွေရာသီအပြောင်းအရွှေ့ကာလတွင် PSG အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
ချယ်လ်ဆီးအသင်းနှင့် ချုပ်ဆိုထားသည့် သီယာဂိုဆေးလ်ဗား၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အဆိုပါစာချုပ်တွင် တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည်ဆိုသောအချက် ပါဝင်ကြောင်း သိရှိရသည်။
သီယာဂိုဆေးလ်ဗားက မိမိအနေဖြင့် ထိပ်တန်းအဆင့်တွက် ဆက်လက်ကစားလိုပြီး ၂၀၂၂ ကမ္ဘာ့ဖလားတွင် ဘရာဇီးလ်အသင်းအတွက် ကစားခွင့်ရလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော့်အနေနဲ့ အခုလို ဆက်ပြီးကစားချင်ပါသေးတယ်။ အခုလိုအဆင့်အတန်းမြင့်တဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ကစားပြီး ၂၀၂၂ ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရချင်ပါတယ်။ တူဟယ်လ်ဟာ ချယ်လ်ဆီးအသင်းမှာ အကောင်းဆုံးစွမ်းဆောင်နေပါတယ်”ဟု သီယာဂိုဆေးလ်ဗားက ပြောကြားခဲ့သည်။
သီယာဂိုဆေးလ်ဗားသည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ (၃၅)ပွဲအထိ ပါဝင်ကစားထားသည်။