မန်စီးတီးအသင်း၏ တိုက်စစ်မှူး အဂွဲရိုးသည် ပရီးမီးယားလိဂ်တွင် ဆက်နေရန် ဆုံးဖြတ်ခဲ့ပြီးနောက် စပါးအသင်းသို့ ပြောင်းရွှေ့ရန် စဉ်းစားနေကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။
အာဂျင်တီးနားဝါရင့်တိုက်စစ်မှူး အဂွဲရိုး(၃၂ နှစ်)သည် လာမည့်နွေရာသီတွင် မန်စီးတီးအသင်းနှင့် လမ်းခွဲမည်ဖြစ်ပြီး အစောပိုင်းက ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု သတင်းထွက်ခဲ့သော်လည်း ယခုအခါ ပရီးမီးယားလိဂ်တွင်သာ ဆက်နေရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိမည့် အဂွဲရိုးကို လန်ဒန်မြို့ခံ ချယ်လ်ဆီးအသင်းက ကြိုး မ်းဖွယ်ရှိကြောင်း သတင်းထွက်လာခဲ့သော်လည်း အဂွဲရိုးက ဟာရီကိန်းနှင့် လမ်းခွဲရန် နီးစပ်နေသည့် စပါးအသင်းသို့ ပြောင်းရွှေ့ရန် စဉ်းစားလာခြင်းဖြစ်ကြောင်း သိရသည်။
အဂွဲရိုးသည် အသင်းသစ်ရှာဖွေရာတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခြင်းထက် ပုံမှန်ပွဲထွက်ခွင့်ရမည့်အသင်းကိုသာ ဦးစားပေးရွေးချယ်လိုကြောင်း သိရသည်။
အနာဂတ်နှင့်ပတ်သက်၍ အဂွဲရိုးက “လက်ရှိမှာ ပရိသတ်တွေပျော်ရွှင်စေဖို့ ဆုဖလားအောင်ပွဲတွေ ရယူပေးနိုင်အောင် လက်ကျန်ပွဲတွေမှာ ကျွန်တော် အစွမ်းကုန်ပေးဆပ်သွားမှာပါ။ ပြီးရင်တော့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ စတင်လုပ်ဆောင်သွားပါမယ်။ အဆင့်အမြင့်ဆုံးပြိုင်ပွဲတွေမှာ ဆက်ပြီး ယှဉ်ပြိုင်ကစားနိုင်အောင် ပြင်ဆင်သွားမှာပါ”ဟု ပြောကြားခဲ့သည်။