အီတလီတိုက်စစ်မှူးဟောင်း ကာဆာနိုက စီရော်နယ်လ်ဒိုမှာ ဂျူဗင်တပ်စ်အသင်းကို နစ်နာစေသူဖြစ်ပြီး နည်းပြ ပီယာလိုအတွက် ကြီးမားသည့်ပြဿနာများကို ဖန်တီးနေသူဖြစ်ကြောင်း ဗီယာရီ၏ Twitch Channel ဖြစ်သည့် Bobo TV သို့ ဝေဖန်ပြောကြားခဲ့သည်။
အသက် (၃၆)နှစ်အရွယ်ရှိ ပေါ်တူဂီဝါရင့်တိုက်စစ် မှူး စီရော်နယ်လ်ဒိုသည် ၂၀၁၈ နွေရာသီအပြောင်းအရွှေ့ ကာလတွင် ရီးယဲလ်အသင်းမှ ဂျူဗင်တပ်စ်အသင်းထံသို့ ယူရိုသန်း (၁၀၀)ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ၎င်းသည် ဂျူဗင်တပ်စ်အသင်းသို့ စရောက်သည့် ၂၀၁၈-၁၉ ရာသီမှ စတင်ပြီး ရာသီတိုင်းတွင် အသင်း၏ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့သလို၊ ယခုရာသီ ပြိုင် ပွဲစုံ (၃၄)ပွဲတွင် ဂိုး(၃၀)အထိ သွင်းယူပေးထားသည်။
သို့ သော် ဂျူဗင်တပ်စ်အသင်းသည် ချန်ပီယံလိဂ်တွင် ဗိုလ်စွဲလိုခြင်းကြောင့် စီရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ခြင်းဖြစ်သော်လည်း စီရော်နယ်လ်ဒို ရောက်ရှိလာပြီးနောက် ဂျူဗင်တပ်စ် အသင်းမှာ ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်အဆင့်ကိုပင် ကျော်ဖြတ်နိုင်ခြင်း မရှိတော့ပေ။
ထို့ကြောင့် စီရော်နယ်လ်ဒိုမှာ အသင်းအတွက် ခြေစွမ်းပြနိုင်သော်လည်း ဝေဖန်မှုများနှင့် ဆက်တိုက်ရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် ဂျူဗင်တပ်စ်အသင်းမှာ ယခုရာသီ စီး ရီးအေပြိုင်ပွဲတွင် ရလဒ်များဆိုးရွားနေရာ စီရော်နယ်လ် ဒိုမှာ ဝေဖန်မှုများနှင့်ပိုမိုရင်ဆိုင်နေရပြီး ယခုရာသီကုန် တွင် ရောင်းထုတ်ခံရဖွယ်ရှိသည်ဟုပင် သတင်းများထွက် ပေါ်နေသည်။
ကာဆာနိုက “ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ နှစ်(၂၀)၊ (၃၀)အတွင်း အီတလီမှာ အကောင်းဆုံးကစားပုံကို ပုံဖော်ခဲ့တဲ့ အယ်လီဂရီကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ ပြဿနာက စီရော်နယ်လ်ဒိုကြောင့်ပါ။ ဆာရီတုန်းကလည်း စီ ရော်နယ်လ်ဒိုနဲ့လိုက်ဖက်မယ့်ကစားကွက်ကို ရှာရင်း ရာထူးက အထုတ်ခံခဲ့ရပါတယ်။ ဘောလုံးကစားဟန်တစ်ခုကို ဖန်တီးဖို့အတွက် စီရော်နယ်လ်ဒိုဟာ အသုံးတည့်သူမဟုတ်ပါဘူး။ သူက ဘောလုံးပေးမယ့်သူရှိမှ ဂိုးသွင်းနိုင်သူပါ။ ဂျူဗင်တပ်စ်က ချန်ပီယံလိဂ်ယူဖို့ စီရော်နယ်လ်ဒိုကိုခေါ် ခဲ့ပေမဲ့ ကျဆုံးခဲ့တာချည်းပါပဲ။ ပီယာလိုက တက်သစ်စနည်းပြဖြစ်ပြီး စီရော်နယ်လ်ဒိုလို မီဒီယာပုံရိပ်ကြီးမားသူကို မကိုင်ဖူးပါဘူး။ စီရော်နယ်လ်ဒိုဟာ ပီယာလိုအတွက် ပြဿနာတွေကို ဖန်တီးပေးနေသူပါ”ဟု ဆိုခဲ့သည်။