ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် ဥရောပကလပ်အသင်းလောကတွင် ငွေကြေးပိုင်းဆိုင်ရာ တရားမျှတစွာ ယှဉ်ပြိုင်မှုအတွက် ချမှတ်ထားသည့် ဘဏ္ဍာရေး သာတူညီမျှစည်းမျဉ်း(FFP) ကို ဖျက်သိမ်းရန်စဉ်းစားနေပြီဖြစ်ပြီး၊ ယင်းကိစ္စအတွက် ဆွေးနွေးမှုများကို ယနေ့(မတ်လ ၂၆ ရက်)တွင် ဥရောပပါလီမန်၌ ဆွေးနွေး သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
UEFA က ဥရောပကလပ်အသင်းများအား ဘဏ္ဍာရေးပိုင်းဆိုင်ရာ အခြေအနေနှင့် ပတ်သက်၍ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ ထိန်းချုပ်ခွင့်တို့ကို ပိုပေးကာ၊ ငွေရေးကြေးရေးဆိုင်ရာ ကြပ်တည်းနေကြခြင်းအတွက် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်စေရန် ရည်ရွယ်ထားကြောင်းလည်း သိရှိရသည်။
ယင်းအတွက်ကြောင့် လက်ရှိအချိန်တွင် တင်းကျပ်စွာထိန်းချုပ်ထားသည့် FFP စည်းမျဉ်းအဟောင်းကို ဖျက်သိမ်းကာ ယင်းအစား ကလပ်အသင်းများ၏ လစာငွေမြင့်မားစွာပေးချေနေရမှုကိုကာမိစေရန် ကစားသမားလစာငွေထိန်းချုပ်သည့် စနစ် (Salary Cap) စည်းမျဉ်းသစ်ကို ပြဋ္ဌာန်းရန် စီစဉ်နေခြင်းဖြစ် ကြောင်းလည်း သိရှိရသည်။
ဆယ်စုနှစ်တစ်ခုကြာမြင့်ပြီဖြစ်သည့် စည်းမျဉ်းဟောင်းကို UEFA ဥက္ကဋ္ဌဟောင်း ပလာတီနီနှင့် ထိုအချိန်က သူ၏ လက်အောက်၌ တာဝန်ယူခဲ့သည့် လက်ရှိ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုလက်ထက်တွင် စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး၊ ဥရောပကလပ်အသင်းများအဖွဲ့ချုပ်က ကန့်ကွက်ခဲ့ကြသည့်ကြားမှ အတည်ပြုကျင့်သုံးခဲ့ခြင်းဖြစ်သည်။
ယင်းစည်းမျဉ်းကို အသုံးပြုခဲ့သည့်နောက်ပိုင်း အရေးယူ ပြစ်ဒဏ်ချမှတ်နိုင်သည့် ဖြစ်ရပ်များရှိခဲ့သလို၊ ပြီးခဲ့သည့်နှစ်အတွင်းက မန်စီးတီးအသင်းနှင့် ဖြစ်ပွားခဲ့သည့် တရားရင်ဆိုင်မှုတွင်မူ ရှုံးနိမ့်ခဲ့ဖူးသည့် အခြေအနေလည်း ဖြစ်ခဲ့ဖူးသည်။
အဓိကအကြောင်းအရင်းမှာ FFP အနေ ဖြင့် ဥရောပပါလီမန်၏ ထောက်ခံမှုကို အပြည့်အဝမရရှိထားသည့် စဉ်းမျဉ်းတစ်ခုဖြစ်နေခြင်းကြောင့် ဥပဒေပိုင်းဆိုင်ရာ ခိုင်မာမှုတွင်မူ အားနည်းချက်များရှိနေခဲ့ခြင်းကြောင့်ဖြစ်သည်။
ယခုအချိန်တွင်မူ ယင်းအားနည်းချက်များရှိသလို၊ COVID-19 ကြောင့် ကလပ်အသင်းများ၏ ဘဏ္ဍာရေးအခြေအနေအပေါ်မူတည်ကာ စည်းမျဉ်းကို လျှော့ချ၊ ညှိနှိုင်းပေးရသည့် ဖြစ်စဉ်များရှိလာချိန်တွင် စည်းမျဉ်းတစ်ခုလုံးကို ဖျက်သိမ်းကာ ကလပ်အသင်းများ ကို ပိုမိုလုပ်ပိုင်ခွင့်ပေးရန် စဉ်းစားလာခဲ့ခြင်းဖြစ်သည်။
အီတလီနာမည်ကျော်သတင်းစာတစ်စောင်ဖြစ်သည့် La Gazzetta dello Sport က ယင်းသတင်းကို စတင်ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်သည် ကလပ်အသင်းများအနေဖြင့် အပြောင်းအရွှေ့လှုပ်ရှားမှု များ၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ပိုမိုဟန်ချက်ညီစွာ ကိုင်တွယ်နိုင်ရန် ရည်ရွယ်ခြင်းကြောင့်ဖြစ်သည်ဟုလည်း သိရှိရသည်။
FFP စည်းမျဉ်းကို ဖျက်သိမ်းခြင်းနှင့် လာမည့်နှစ် တွင် ပြန်လည်အစားထိုးမည့် ဥပဒေသစ်အား ပြင်ဆင်ခြင်းတို့ကို ဥပဒေကြောင်းအရ ပိုမိုခိုင်မာမှုရှိစေရန်အ တွက် ဥရောပပါလီမန်တွင် ထည့်သွင်းဆွေးနွေးရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဥရောပ ရှေ့နေများအသိုင်းအဝိုင်းကလည်း ယင်းဆုံးဖြတ်ချက်ကို ကြိုဆိုလျက်ရှိသည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။