လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က လက်ရှိလီဗာပူးလ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုရနိုင်သည့် အခြေအနေတွင် ရှိမနေကြောင်း ဝန်ခံပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် လိုက်ပ်ဇစ်အသင်းကို နှစ်ကျော့စလုံး (၂-ဝ) ဂိုးစီဖြင့် အနိုင်ရကာ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်တွင် ဆာလာနှင့် မာနေတို့က အနိုင်ဂိုးများကို သွင်းယူပေးခဲ့ကြသည်။
ယင်းအတွက်ကြောင့် နောက်ဆုံး (၄)နှစ်အတွင်း ကွာတားဖိုင်နယ်အဆင့်သို့ (၃)ကြိမ်မြောက်အဖြစ် တက်ရောက်ခဲ့ပြီး ချန်ပီယံအိပ်မက်မှာလည်း ရှင်သန်နေဆဲဖြစ်သည်။
သို့ရာတွင် ကလော့ပ်ကမူ “ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးမှာ ဝင်ပြိုင်တဲ့အခါ တစ်ခုတည်းသောအကြောင်းပြချက်ကတော့ ဒီဖလားကို အရယူချင်လို့ပါပဲ။ ဒါပေမဲ့ လက်ရှိ လီဗာပူးလ်အသင်းရဲ့ခြေစွမ်းက ချန်ပီယံလိဂ်ဖလားကို မျှော်လင့်နိုင်တဲ့ အခြေအနေမှာ ရှိမနေပါဘူး။ ကျွန်တော်တို့ ကွာတားဖိုင်နယ်မှာ ဘယ်အသင်းနဲ့ တွေ့မလဲဆိုတာကို သိရဖို့ ပွဲစဉ်ဇယားကို စောင့်နေပါတယ်။ ဘယ်အသင်းနဲ့ပဲတွေ့တွေ့ ကျွန်တော်တို့အတွက် အရမ်းခက်ခဲတဲ့ ပွဲစဉ်ဖြစ်လာပါလိမ့်မယ်” ဟု ကလော့ပ်က ပြောကြားခဲ့သည်။
ယာဂန်ကလော့ပ်က ပရီးမီးယားလိဂ် ရလဒ်ဆိုးများကြောင့် လာမည့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်အတွက် ခက်ခဲနေသည့် အခြေအနေနှင့် ပတ်သက်၍လည်း “ကျွန်တော်တို့ အခုအချိန်မှာတော့ အဝေးကြီးကို မစဉ်းစားချင်သေးပါဘူး။ ဝုလ်ဗ်အသင်းနဲ့ ကစားမယ့်ပွဲကိုပဲ စဉ်းစားနေပါတယ်” ဟု ပြောကြားခဲ့သည်။