လာလီဂါအဖွဲ့ချုပ် (LFP) ဥက္ကဋ္ဌ တီဘက်စ်က စပိန်ကလပ်အသင်းများအနေဖြင့် လာမည့်နွေရာသီတွင် ဘာပေနှင့် ဟော်လန်းတို့ကို ခေါ်ယူရန် ခက်ခဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် လာလီဂါကလပ်အသင်းများမှာ ဘဏ္ဍာရေးအကျပ်အတည်းများ နှင့် ရင်ဆိုင်နေရသဖြင့် နာမည်ကျော် လူငယ်ကစားသမားများဖြစ်သည့် ဘာပေနှင့် ဟော်လန်းတို့ကို ခေါ်ယူ နိုင်သည့်အသင်းမှာ အနည်းငယ်သာရှိကြောင်း သိရှိရသည်။
တီဘက်စ်က ” ဟော်လန်း ဒါမှမဟုတ် ဘာပေအနေ နဲ့ စပိန်ကိုလာကစားဖို့ အရမ်းခက်ပါလိမ့်မယ်။ စပိန်မှာ ဘာပေကို ခေါ်ယူနိုင်တဲ့အသင်း တစ်သင်းသာရှိပြီး ဟော်လန်းကို ခေါ်ယူနိုင်တဲ့အသင်းလည်း တစ်သင်း ဒါမှမဟုတ် နှစ်သင်း လောက်ပဲ ရှိတာပါ”ဟု ပြောကြားခဲ့သည်။
ထို့ပြင် တီဘက်စ်က PSG နှင့် မန်စီးတီးအသင်းတို့ကို နိုင်ငံပိုင်အသင်းများဟု စွပ်စွဲခဲ့ပြီး အခြားအသင်းများအနေဖြင့် ၎င်းတို့နှင့်ပြိုင်ဆိုင်ကာ ထိပ်တန်းကစားသမားများကို ခေါ်ယူနိုင်ရန်မဖြစ်နိုင်ဟုလည်း ဆိုခဲ့သည်။