အေစီမီလန်အသင်းမှ ဆွီဒင်နာမည်ကျော်ဘောလုံးသမား အီဘရာဟီမိုဗစ်နှင့် NBA ကလပ် LA Lakers အသင်းမှ ဘက်စကတ်ဘောအကျော်အမော် လီဘရွန်ဂျိမ်းစ်တို့အကြား စကားစစ်ထိုးမှုမှာ မပြီးဆုံးသေးဘဲ အီဘရာဟီမိုဗစ်က ထပ်မံဝေဖန်ခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာအားကစားနည်းအလိုက် ထိပ်တန်းကစားသမားနှစ်ဦး၏ စကားစစ်ထိုးမှုတွင် အီဘရာဟီမိုဗစ်က လီဘရွန်ဂျိမ်းစ်၏ကွင်းပြင်ပ နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ဆောင်မှုအပေါ် ဝေဖန်ခဲ့ရာမှ စတင်ခဲ့ခြင်းလည်းဖြစ်သည်။
အီဘရာဟီမိုဗစ်က ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ဆွီဒင်ရှိ Discovery+ ရုပ်သံအတွက် အင်တာဗျူးပြုလုပ်စဉ် ”ကျွန်တော်က နိုင်ငံရေးမလုပ်ပါဘူး။ လူတွေက အောင်မြင်ကျော်ကြားလာချိန်မှာ အဲဒီအမှားကို အရင်ဆုံးလုပ်တတ်ကြတယ်။ ဒီထဲကနေ ထွက်လိုက်ပါ။ ကိုယ်အကောင်းဆုံးလုပ်နိုင်တာကိုပဲ လုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကြည့်မကောင်းလို့ပါ”ဟု ဝေဖန်ခဲ့သည်။
သို့ဖြစ်ရာ လီဘရွန်ဂျိမ်းစ်က အီဘရာဟီမိုဗစ်ကို ကြောင်သူတော်ဟု စွပ်စွဲပြစ်တင်ခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်းက မိုဗစ်၏ လူမျိုးရေးခွဲခြားသည့်မှတ်ချက်စကားကို ကိုးကားကာ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ”မှားနေတဲ့အရာတွေအတွက် ကျွန်တော့်ပါးစပ်ကို ဘယ်တော့မှ ပိတ်ထားမှာ မဟုတ်ပါဘူး။ ကျွန်တော်က ကိုယ့်လူမျိုးတွေရဲ့အကြောင်း၊ တန်းတူညီမျှ ရေးအကြောင်းတွေ ပြောတာပါ။ လူမှုရေး မမျှတမှု၊ လူမျိုးရေး ခွဲခြားမှု၊ မဲဆန္ဒရှင်တွေကို ဖိနှိပ်မှုစတာတွေက ကျွန်တော်တို့ လူမှုအဖွဲ့အစည်းထဲမှာ ဖြစ်ပျက်နေတဲ့အရာတွေပါ” ဟု လီဘ ရွန်ဂျိမ်းစ်က တုံ့ပြန်ပြောကြားခဲ့သည်။
ဂျိမ်းစ်၏တုံ့ပြန်မှုအပေါ် မိုဗစ်က ပြီးခဲ့သည့်အင်္ဂါနေ့က San Remo 2021 ပွဲတော်အတွက်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ထပ်မံတိုက်ခိုက်ခဲ့သည်။
”လူမျိုးရေးခွဲခြားမှုနဲ့ နိုင်ငံရေးဆိုတာက ကွဲပြားခြားနားတဲ့ အရာနှစ်ခုပါ။ ကျွန်တော်တို့အားကစားသမားတွေက ကမ္ဘာကြီးကို စုစည်းညီညွတ်မှုရှိအောင် လုပ်ဆောင်ပေးနိုင်တယ်။ နိုင်ငံရေးကတော့ ကမ္ဘာကြီးကို ကွဲပြား သွားစေတယ်။ လူတိုင်းလူတိုင်းကို ကြိုဆိုပါတယ်။ သူလာတဲ့ နေရာနဲ့ပတ်သက်ပြီး ဘာမှလုပ်စရာ မလိုပါဘူး။ ကျွန်တော်တို့ လုပ်ရမှာက စုစည်းညီညွတ်မှုပါပဲ။ ကျွန်တော်တို့ တခြားအရာတွေကို မလုပ်ဆောင်ခဲ့ဘူးဆိုရင် ဒီအရာနဲ့ပတ်သက်ပြီး မကျွမ်းကျင်လို့ပါ။ ဒါမှမဟုတ်ရင်တော့ ကျွန်တော် နိုင်ငံရေးလုပ်ဆောင်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့သတင်းစကားကတော့ အားကစားသမားဟာ အားကစားသမားပဲဖြစ်သင့်ပြီး နိုင်ငံရေးသမားက နိုင်ငံရေးသမားပဲ ဖြစ်ရပါမယ်”ဟု အီဘရာဟီမိုဗစ်က ဆိုခဲ့သည်။
မိုဗစ်၏လတ်တလောပြောဆိုမှုအပေါ် လီဘရွန်ဂျိမ်းစ်ဘက်မှ ချက်ချင်းတုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
လီဘရွန်ဂျိမ်းစ်သည် လက်ရှိတွင် ဘယ်ဘက်ခြေချင်းဝတ်ဒဏ်ရာပြဿနာရှိနေသော်လည်း လာမည့် မတ်လ(၇)ရက်တွင် ယှဉ်ပြိုင်ကစားမည့် NBA All-Star Game တွင် ပါဝင်ကစားဖွယ်ရှိနေသည်။