လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ကြာသပတေးနေ့တွင် ချယ်လ်ဆီးအသင်းနှင့်ကစားရမည့်ပွဲ၌ ဂျိုတာ၊ ဖာဘင်ညိုနှင့် အယ်လစ်ဆန်တို့ ပြန်လည်ပါဝင်နိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားသည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်လေးပွဲဆက်ရှုံးနိမ့်မှုကို တနင်္ဂနွေနေ့က ရှက်ဖီးယူနိုက်တက်အသင်းနှင့်ပွဲတွင် ရပ်တန့်နိုင်ခဲ့ပြီး ယင်းပွဲအပြီးသတင်းစာရှင်းလင်းပွဲ၌ ကလော့ပ်က ယခုလို ပြောကြားခြင်းဖြစ်သည်။
”အယ်လစ်ဆန်နဲ့ ဖာဘင်ညို ကစားနိုင်မယ် ဆိုတာ သေချာပြောနိုင်ပါတယ်။ ဒီယိုဂိုကတော့ မနေ့ (စနေနေ့) ညက ဟိုတယ်မှာ ကျွန်တော်တို့နဲ့အတူရှိနေပေမဲ့ နေမကောင်းလို့ အိမ်ကိုပြန်လွှတ်လိုက်တာပါ။ ဒါကြောင့် သူ ဘယ်လောက်မြန်မြန် ပြန်ကောင်းမလဲဆိုတာအပေါ် မူတည်ပါတယ်။ သူက လူစာရင်းထဲမှာ မပါပေမဲ့ အသင်းနဲ့ လေ့ကျင့်မှုလုပ်နိုင်ခဲ့သလို အခြေအနေကောင်းတဲ့ပုံစံပါပဲ။ သူပြန်ကစားနိုင်မယ်လို့ ထင်ပေမဲ့ သေချာတော့မသိပါဘူး။ အခုလောလောဆယ် မသိရသေးပေမဲ့ ကြာ သပတေးနေ့အတွက် အဆင်သင့်ဖြစ်မယ်လို့ ထင်ပါတယ်။ ဖာဘင်ညိုကတော့ အသင်းနဲ့ နှစ်ကြိမ်လေ့ကျင့်နိုင်ပြီဖြစ်လို့ လူစာရင်းမှာ ပြန်ပါလာဖို့ တော်တော်လေး နီးစပ်နေပါပြီ”ဟု ၎င်းက ပြောကြားသည်။
ဂျိုတာသည် ဒူးဒဏ်ရာကြောင့် ဒီဇင် ဘာလလယ်ကတည်းက အနားယူနေရခြင်း ဖြစ်ပြီး ဖာဘင်ညိုမှာလည်း <ကက်သားဒဏ်ရာ ကြောင့် နောက်ဆုံးသုံးပွဲကို လွဲချော်ထားသည်။