မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းဝါရင့်တိုက်စစ်မှူး ကာဗာနီအား စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေကြောင်း အတည်ပြုပြောကြားခဲ့သည်။
အသက် (၃၄)နှစ်အရွယ်ရှိ ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီသည် ပြီးခဲ့သည့် ၂၀၂၀ နွေရာသီအပြောင်းအရွှေ့ကာလတွင် PSG အသင်းနှင့် လမ်းခွဲပြီးနောက် မန်ယူအသင်းထံသို့ (၁)ရာသီစာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
မန်ယူအသင်းသည် ကာဗာနီအား စာချုပ်ချုပ်ဆိုစဉ်က (၁)နှစ်သက်တမ်းတိုးခွင့်ရှိသည်ဆိုသောအချက်ကို ထည့်သွင်းချုပ်ဆိုထားပြီး လက်ရှိတွင် ၎င်းအား သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဆိုးလ်ရှားက “ကာဗာနီဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးစွမ်းဆောင်ပေးနေသူပါ။ ကျွန်တော်ကတော့ သူ့ရဲ့ စွမ်းဆောင်မှုတွေကို အထင်ကြီးလေးစားမိပါတယ်။ ကျွန်တော်တို့အနေနဲ့ သူ့နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေပါတယ်။ ကျွန်တော်တို့အနေနဲ့ စာချုပ်သက်တမ်းတွေနဲ့ပတ်သက်ပြီး ကစားသမားတွေနဲ့ အမြဲတမ်းဆွေးနွေးလေ့ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ကာဗာနီရဲ့ စွမ်းဆောင်မှုတွေကို သဘောကျနှစ်သက်ပါတယ်” ဟု ပြောကြားခဲ့သည်။
ကာဗာနီသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၂၂)ပွဲပါဝင်ကစားပေးထားပြီး (၇)ဂိုး သွင်းယူပေးထားသည်။